လူသားချင်းစာနာထောက်ထားမှုအစီအစဉ်တစ်ခုတွင်ပါဝင်ရန် ကုလသမဂ္ဂ၏ ကမ်းလှမ်းချက်ကို တနင်္သာရီတိုင်း အရပ်ဖက်လူထုအဖွဲ့အစည်းက ငြင်းဆိုလိုက်ကြောင်း အဆိုပါအဖွဲ့အစည်းက ထုတ်ပြန်လိုက်သည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဦးဆောင်ပြီး လုပ်မည့် AHCT (Area of Humanitarian Country Team) တွင် ကိုယ်စားလှယ်အဖြစ်ပါဝင်ရန် ဖိတ်ခေါ်ချက်ကို တနင်္သာရီတိုင်း အရပ်ဖက် လူထု အဖွဲ့အစည်းများက ပါဝင်မည်မဟုတ်ကြောင်း အောက်တိုဘာလ ၅ ရက်နေ့က သဘောထားပေးပို့ခဲ့ ခြင်းဖြစ်သည်။
ထိုကဲ့သို့ ငြင်းဆိုခြင်းနှင့် ပတ်သက်၍ CNC -Tanintharyi (CSOs Nexus Consortium – Tanintharyi) က အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထား ခြင်းဖြစ်သည်။
UNOCHA က ဆောင်ရွက်မည့် AHCT အခင်းအကျင်းတွင် လူသားချင်းစာနာမှုလုပ်ငန်းများ လုပ်ဆောင်ရန် နိုင်ငံအဆင့်ဇုန်၊ တောင်ပိုင်းဇုန်၊ အရှေ့မြောက်ပိုင်း၊ အရှေ့တောင်ပိုင်း၊ ရခိုင်ပြည်နယ်ဇုန်ဆိုကာ ၅ နေရာခွဲထား ကြောင်း CNC – Tanintharyi ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနေမိုးအောင်က ပြောသည်။
တောင်ပိုင်းဇုန်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့ ပါဝင်ပြီး ဇုန်တစ်ခုချင်းစီမှ CSO ကိုယ်စားလှယ်တစ်ဦးစီ ရွေးပေးရကာ ယင်းလေးဦးအနက်မှ ကိုယ်စားလှယ်တစ်ဦးကို ထပ်ရွေးရကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ရွေးချယ်လိုက်သည့် CSO ကိုယ်စားလှယ်တစ်ဦးနှင့် UNOCHA အကြီးအကဲက တောင်ပိုင်းဇုန်အတွင်း လိုအပ်ချက်ရှိနေသည့်နေရာများကို စိစစ်ရွေးချယ်ပြီး ထောက်ပံ့မှုလုပ်ငန်းလုပ်မည်ဖြစ်သည်။
ထိုသို့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများအတွက် UNOCHA တာဝန်ရှိသူနှင့် စစ်ကောင်စီတို့ ယခုနှစ် ဩဂုတ်လက တွေ့ဆုံပြီးဆွေးနွေးထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထိုသို့တွေ့ဆုံဆွေးနွေးမှုမှာ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီအား အသိအမှတ်ပြုခြင်း၊ ထောက်ခံအားပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“စကစ ရဲ့ လမ်းကြောင်းတွေကနေ ဝင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့သည် အဲဒီဟာတွေကို အယုံအကြည်မရှိဘူး။ တနင်္သာရီတိုင်း CSO တွေ အနေနဲ့ တော်လှန်ရေးကာလမှာ စကစနဲ့ ပေါင်းပြီးလာတဲ့ မည်သည့်ချယ်နယ်မျိုးကိုမှ လက်ခံပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာမဟုတ်ဘူး” ဟု ကိုနေမိုးအောင်က ပြောသည်။
CNC- Tanintharyi တွင် တနင်္သာရီတိုင်းအတွင်းရှိ CSO အရပ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိထုတ်ပြန်ချက်ကလည်း UNOCHA ကို တိုက်ခိုက်ခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။
UNOCHA အနေဖြင့် လူသားချင်းစာနာမှု အကူအညီများအတွက် စစ်ကောင်စီနှင့် ပူးပေါင်းသည့် လမ်းကြောင်းက မဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ်လုပ်ဆောင်နေသည့် အဖွဲ့အစည်းများဖြင့် ချိတ်ဆက်လုပ်ဆောင်သင့်ကြောင်း ကိုနေမိုးအောင်က အကြံပြုသည်။
“တခြားလမ်းကြောင်းတွေ အများကြီးရှိတယ်။ နယ်စပ်မှာ အဲဒီအဖွဲ့တွေကနေ ချိတ်ဆက်ပြီးဝင်လာရင် ရှင်းရှင်း လင်းလင်းနဲ့ ဒီငွေတွေသည် ဒီအကူအညီတွေသည် ဒီအထောက်အပံ့တွေသည် မြေပြင်မှာ အမှန်တကယ်လိုအပ်နေတဲ့ လူတွေဆီ တိုက်ရိုက်ရောက်သွားမှာဖြစ်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
UNOCHA ၏ ဆွေးနွေးမှုက မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးပမ်းနေသည့် စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်နေကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







