ရေဖြူမြို့နယ်၊ ညင်းထွေးရွာတွင် ပုံစံမျိုးစုံဖြင့် နေထိုင်နေကြရသည့် စစ်ဘေးရှောင်အိမ်ထောင်စု ၅၀ ခန့်မှာ ရိက္ခာ၊ဆေးဝါးနှင့် အမိုးအကာများအတွက် အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများကပြောသည်။
အဆိုပါစစ်ဘေးရှောင်များမှာ ၂၀၂၃ ခုနှစ်စကာ စစ်ရှောင်နေသူများဖြစ်သဖြင့် နှစ်နှစ်ကျော်ခန့်ကြာလာပြီဖြစ်၍ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် အကူအညီများပိုမိုလိုအပ်လာကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။
“စစချင်းကတော့ ဆွေမျိုး၊အသိမိတ်ဆွေတွေအိမ်မှာ နေကြတာပေါ့နော်။ ကြာလာတော့လည်းအိမ်ငှားနေဖို့ လိုအပ်လာတယ်။ အခုက ကုန်စျေးနှုန်းကကြီးတော့ စားသောက်ရေးခက်လာတယ်။ အလုပ်အကိုင်လည်း အတည်တကျ မလုပ်ရတော့ ဝင်ငွေကမရှိ အရွယ်ရှိ တဲ့သားသမီးရှိသူတွေကတော့ နိုင်ငံခြားလွှတ်ရတာပေါ့”ဟု ၎င်းကပြောသည်။
အဆိုပါစစ်ဘေးရှောင်များမှာ မောင်မယ်ရှောင်ကျေးရွာနှင့် ထားဝယ်အရှေ့တောဒေသတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရက်ရှည်စစ်ဘေးရှောင်နေကြရပြီး အချို့မှာနေအိမ်မီးရှို့ခံရသည့် မောင်မယ်ရှောင်ကျေးရွာ နှင့်ပခတ်အင်းကျေးရွာများမှ စစ်ဘေးရှောင်များ ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ဒီနေ တောင်စစ်ဘေးရှောင် နာရေးတစ်ခုရှိတယ်။ ရွာကအင်အားနဲ့တော့ တတ်နိုင်သလောက် ကူညီပေးခဲ့တာပါပဲ။ ဒီဘက်မှာရှိတဲ့စစ်ဘေးရှောင်တွေအတွက်တော့ အဖွဲ့အစည်းတွေအနေနဲ့ သီးသန့်ကူညီပေးတာမျိုးတော့ တစ်ခါမှမကြားမိသေးဘူး”ဟု ၎င်းဒေသခံကပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် မောင်မယ်ရှောင်ကျေးရွာနှင့် အနီးဝန်းကျင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံနေအိမ်များ မီးရှို့ခံခဲ့ရသည်။
ယင်းကြောင့် အိုးအိမ်မဲ့သွားသည့် ယင်းဒေသခံများမှာ ယနေ့အထိ ထားဝယ်ဒေသအတွင်း ပုံစံမျိုးစုံဖြင့် ရွှေ့ပြောင်းနေထိုင်ကြရပြီး အချို့မှာလည်း တိုင်းပြင်ပသို့ ပြောင်းရွှေသွားကြကြောင်း စစ်ဘေးရှောင်များထံမှ စုံစမ်းသိရှိရသည်။







