ရေး-ထားဝယ်ကားလမ်းရှိ မလွှဲတောင်အနီးသို့ စစ်အာဏာရှင်တပ်က စစ်အင်အားထပ်ဖြည့်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် မြင်တွေ့ခဲ့သည့် ဒေသခံများထံမှသိရသည်။
စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် မလွှဲတောင်-ကလိန်အောင်အဆင်းဘက်ခြမ်း၌ ကပ်လျက်တည်ရှိသည့် အလယ်စခန်းရွာအနီးရှိ ကျောက်ကဒင်ရွာသို့ ဆယ့်နှစ်ဘီးတပ်ကား သုံးစီးဖြင့် စစ်အာဏာရှင်တပ်သားများ ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများကပြောသည်။
” အခုမနက် (စက်တင်ဘာလ ၁၆ ရက်) အထိ ကျောက်ကဒင်မှာ ဆက်ရှိနေသေးတယ်။ ညနေပိုင်းမှာ ကုန်ကားတွေနဲ့အလုံပိတ်ပြီးရောက်လာတာ။ ကားပေါ်ကဆင်းလာမှ စစ်သားတွေမှန်းသိတာ။ ရာဖူး ၊ သာယာမွန် ၊ မိုင် ၆၀ ရွာတွေတော့ လူပြန်နေနေကြတယ်။ အခု ကျောက်ကဒင်တို့ ကျွဲတလင်း(ရွာ)တို့ ကျတော့ထပ်ထွက်ပြေးနေကြတာပေါ့ ” ဟု ယင်းလမ်းပိုင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦး ကပြောသည်။
စစ်အာဏာရှင်တပ်က အင်အားတိုးချဲ့နေသော်လည်း ယနေ့ စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းအထိ နှစ်ဖက် ထိတွေ့ပစ်ခတ်မှု မရှိသေးသလို လမ်းပိုင်းအသွားအလာလည်း ပုံမှန်ရှိကြောင်း ဒေသခံ နှင့် လမ်းပိုင်းအသုံးပြုသည့် ကားသမား တို့ကဆိုသည်။
” ကျောက်ကဒင်မှာ လာချထားတာ တစ်ရွာတည်းမှာ (စစ်အာဏာရှင်တပ်သား) အင်အားတစ်ရာကျော်တယ်။ ရာဖူးရွာသစ်တစ်ဝိုက်မှာလည်း စကစ ကင်းပုန်းတွေ ကျန်သေးတယ်။ ဒီဘက်(တော်လှန်ရေးတပ်) ကတော့ လောလောဆယ် ခဏရှောင်ထားတဲ့ အနေအထားမှာရှိတယ် ” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်ဘက်က မလွှဲတောင်ဘက်သို့ စစ်အင်အားတိုးချဲ့လာသည်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တော်လှန်ရေးတပ်များ၏ ပြောရေးဆိုခွင့်ရှိသူများနှင့် မေးမြန်းနိုင်ရန် Dawei Watch က ဆက်သွယ်နေဆဲဖြစ်သည်။
စစ်အာဏာရှင်တပ်သည် ရာဖူးအုပ်စုကိုလည်း စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက်အတွင်း. စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်ဖောက်ထွင်းခြင်း ၊ ကျေးရွာအတွင်း ကျန်ရစ်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြောင်း ယင်းရွာသားများထံမှသိရသည်။
ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေး အင်အားစုများအကြား ယခုနှစ် ဇူလိုင်လကတည်းကစ၍ ယခုစက်တင်ဘာလအထိ စစ်ရေးတင်းမာကာ တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။







