ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တော ပကာရီရွာတိုက်ပွဲတွင် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီး၊ အရပ်သားနှစ်ဦး ဒဏ်ရာရ

September 16, 2025

ထားဝယ်အရှေ့တောဒေသ ပကာရီရွာတွင် နှစ်ဖက်တိုက်ပွဲအတွင်း ယက္ကန်းစင်ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်လေးလုံး ထိခိုက်ပျက်စီးပြီး အရပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

ယက္ကန်းစင်ဘုန်းကြီးကျောင်းတွင် ယာယီစခန်းလာချသည့် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ စစ်အာဏာရှင်တပ်ဖွဲ့ကို စက်တင်ဘာလ ၁၄ ရက် ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စက်တင်ဘာလ ၁၅ နံနက်အထိ တိုက်ပွဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းနောက် စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁၂နာရီခွဲတွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်များဖြင့်လည်း ပစ်ခတ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းအပြင် ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်လည်း ပစ်ကူပေးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ယက္ကန်းစင်ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင်အချို့ ခေါင်းမိုး ပွင့်ထွက်ခြင်း၊ မျက်နှာကျက်များ ပြိုကျပျက်စီးခြင်း၊ ဘုရား၊ စေတီများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များ ပြိုပျက်ခဲ့သည်များကို ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။

လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးပြီး အခြား နေအိမ်သုံးဆောင်လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် နှစ်ဖက်တိုက်ပွဲတွင် ပကာရီရွာက အမျိုးသားတစ်ဦးနှင့် သမီးဖြစ်သူတို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

အထက်ပါ တိုက်ပွဲနှင့်ပတ်သက်၍ တိုက်ပွဲတွင် ပါဝင်သည့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA တပ်ဖွဲ့၏ တာဝန်ရှိသူကို Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရသေးပေ။

တိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ Dawei Watch က ဆက်လက် အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

စက်တင်ဘာလ ၁၅ ရက်က တိုက်ပွဲဖြစ်ပွားရာနေရာအနီး နေအိမ်တွင် ရှိနေသည့် အသက် ၉၀ ကျော်အရွယ် အဘိုးတစ်ဦး သေဆုံးသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ယနေ့ သွားရောက်ကြည့်ရှုရာတွင် အသက်ရှင်လျက် ပြန်တွေ့ရကြောင်း ပကာရီရွာဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“သူ့သားတွေ မြေးတွေကိုယ်တိုင် (ပြောတာ) သေပြီဆိုပြောတော့ အခုမနက် အလောင်းဝင်ယူကြတာမှာ အသက်ရှင်လျက်ပြန်တွေ့တယ်။ သူ့သားဆို အခေါင်းတောင်မှာထားပြီးပြီ” ဟု ၎င်းက ပြောသည်။

ယက္ကန်းစင် ဘုန်းကြီးကျောင်းဝန်းထဲတွင် မြှုပ်နှံလျက် တွေ့ရှိသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင် အလောင်း ခုနစ်လောင်းကို ရွာသားများပြန်ဖော်ပြီး မီးသင်္ဂြိုဟ် လိုက်ကြောင်း ဒေသခံအချို့က ဆိုသည်။

ဩဂုတ်လ ၁၆ ရက်မှ ယနေ့ စက်တင်ဘာလ ၁၅ ရက်အထိ ထားဝယ်-မေတ္တာ-ထီးခီးလမ်းတစ်လျှောက်ကို စစ်အာဏာရှင် တပ်က ကားဖြင့် ရိက္ခာ၊ စစ်လက်နက်များ ပို့ဆောင်နေသလို တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်လည်း ဖြန့်ကျက်ကာ ခြေလျင်စစ်ကြောင်းထိုးနေသည်။

အဆိုပါစစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက လမ်းတစ်လျှောက် ပိတ်ဆို့ တိုက်ခိုက်သဖြင့် စစ်အာဏာရှင်တပ်ဘက် ကားအချို့ ပျက်စီးခဲ့သလို တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးမှုများခဲ့သည်။

အဆိုပါစစ်ကြောင်းသည် စက်တင်ဘာ ၁၀ ရက်တွင် ကျောက်မဲတောင်စခန်းကို ရောက်ရှိနေပြီး ယင်းမှတဆင့် မေတ္တာဗျူဟာစခန်းကို ရိက္ခာများပို့ဆောင်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

မေတ္တာဗျူဟာစခန်းကို ရိက္ခာပို့ပြီးပြန်လာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် မေတ္တာနှင့် ကျောက်မဲတောင်ကြား လမ်းပိုင်းတစ်နေရာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၆ရက် နံနက်ပိုင်းတွင် ဝကုန်းရွာဘက်ကို ရောက်ရှိနေကြောင်း ၎င်းတို့က ပြောသည်။

“မေတ္တာစခန်းကနေ ပြန်ထွက်လာကြပြီ။ အခုမနက် ဝကုန်းရွာဘက်ကိုရောက်နေတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ပစ်ပြီးတော့ ပြန်ထွက်နေကြတယ်။ အခုထိတော့ တိုက်ပွဲဖြစ်တာမရှိသေးဘူး” ဟု လိပ်ကြယ်ပြောင်ရွာက အမျိုးသမီး တစ်ဦးက ပြောသည်။

ယက္ကန်းစင်ဘုန်းကြီးကျောင်းတွင် တပ်စွဲခဲ့သည့် စစ်အာဏာရှင်တပ်မှာ ထားဝယ်ဘက်သို့ ပြန်ထွက်နေသည့် စစ်အာဏာရှင် တပ်နှင့် လိုက်ပါသွားခြင်းမရှိဘဲ ပကာရီရွာဘက်သို့ ယနေ့ နံနက်ပိုင်းတွင် ပြန်ဝင်လာကြောင်း ဒေသခံအချို့က ပြောဆိုသည်။