ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အရှေ့တီမောတွင် လွှတ်တော်အမတ်များအတွက် ပရာဒို တစ်ယောက်တစ်စီး ဝယ်ပေးမည့် အစီအစဉ်ကို ဆန္ဒပြ

September 16, 2025

ပုံစာ - လွှတ်တော်အမတ်များအတွက် ပရာဒိုကား တစ်ယောက်တစ်စီး ဝယ်ပေးမည့် အစီအစဉ်ကို ဆန္ဒပြနေသူများအား ဒီလီမြို့တွင် တနင်္လာနေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP/Valentino Dariel Sousa

အရှေ့တီမောနိုင်ငံတွင် လွှတ်တော်အမတ်များအတွက် တရားဝင်ရုံးသုံးအနေဖြင့် ပရာဒိုကား တစ်ယောက်တစ်စီး ဝယ်ပေးမည့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြမှုများ ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

အဆိုပါ ကားဝယ်ပေးမည့် အစီအစဉ်သည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် အရှေ့တီမောနိုင်ငံတွင် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် ပြည်သူလူထု၏ မကျေနပ်ချက် ဖြစ်ကြောင်း The Jakarta Post သတင်းဌာနက ဖော်ပြသည်။

တနင်္လာနေ့တွင် တက္ကသိုလ်ကျောင်းသားအများစု ပါဝင်သည့် လူပေါင်း ၁၀၀၀ ကျော်က အရှေ့တီမောနိုင်ငံ၏ မြို့တော်ဒီလီရှိ အမျိုးသားလွှတ်တော်အနီးတွင် စုဝေးဆန္ဒပြခဲ့ကြသည်။

အမေရိကန်ဒေါ်လာ ၂ သိန်းဝန်းကျင် အကုန်အကျခံကာ လွှတ်တော်အမတ် ၆၅ ဦးအတွက် တိုယိုတာပရာဒိုကား တစ်ယောက်တစ်စီးစီ ဝယ်ပေးမည့် အစီအစဉ်ကို ပြီးခဲ့သည့်နှစ်တွင် အစိုးရဘက်က အတည်ပြုခဲ့သည်။

“လွှတ်တော်အမတ်တွေအနေနဲ့ ကိုယ့်ဘဝတိုးတက်ဖို့အတွက် ပရာဒိုကားတွေ ဝယ်မယ့် ဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ဒီလီမြို့မှ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ Leonito Carvalho က ပြောသည်။

“အဲလိုမှမဟုတ်ရင် ကျွန်တော်တို့ ဒီမှာပဲ ရပ်နေမယ်” ဟု ၎င်းက ဆိုသည်။

သဘာဝသယံဇာတအပေါ် အဓိကမှီခိုနေရသည့် အရှေ့တီမောနိုင်ငံတွင် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ရောက်ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

အဆိုပါ ဆန္ဒပြပွဲသည် ကနဦးတွင် ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း ဆန္ဒပြသူများက လွှတ်တော်အဆောက်အအုံကို ကျောက်ခဲဖြင့် စတင်ပစ်ပေါက်ကာ မော်တော်ကားအချို့ ထိခိုက်ပျက်စီးပြီးနောက်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

အဆိုပါ မျက်ရည်ယိုဗုံးကြောင့် အနည်းဆုံး ဆန္ဒပြသူလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ၎င်းတို့ကို အနီးအနားရှိ ဆေးရုံဆေးခန်းတစ်ခုကို ခေါ်ဆောင်သွားကြောင်း AFP သတင်းထောက်တစ်ဦးက ဆိုသည်။

အဆိုပါ ထိခိုက်ပျက်စီးမှုများအတွက် တာဝန်ယူရန် ဆန္ဒပြပွဲခေါင်းဆောင်သူများကို ဆင့်ခေါ်သွားမည် ဖြစ်ကြောင်း အရှေ့တီမောရဲတပ်ဖွဲ့က ဆိုသည်။

Source: The Jakarta Post