ဥရောပကို ရုရှား၏ တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရေး နေတိုးအဖွဲ့က ယူကရိန်းလေပိုင်နက်တွင် လေယာဉ်မပျံသန်းရဇုန် (No-fly zone) သတ်မှတ်ရန် ပိုလန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ကြောင်း The Washington Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယခင်အပတ်က နိုင်ငံလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ရုရှားဒရုန်းများကို ပိုလန်က ပစ်ချခဲ့ပြီးနောက်တွင် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ပြောဆိုတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ယင်းသို့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန်အစီအစဉ်ကို ယမန်နှစ်က သမ္မတဘိုင်ဒန်လက်ထက် အမေရိကန်အစိုးရနှင့် ဆွေးနွေးခဲ့ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski က ဂျာမန်သတင်းဌာန Frankfurter Allgemeiner ကို ပြောကြားခဲ့သည်။
သို့သော် ယင်းအစီအစဉ်ကို ပိုလန်နိုင်ငံတစ်ခုတည်းနှင့် အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း ၊ အခြားဥရောပမဟာမိတ်နိုင်ငံများ၏ အထောက်အပံ့ကို လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နေတိုးအဖွဲ့အနေနဲ့ရော ၊ ဥရောပသမဂ္ဂအနေနဲ့ပါ ကျွန်တော်တို့ဟာ ဒါကို အကောင်အထည်ဖော်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ ပိုလန်တစ်နိုင်ငံတည်းနဲ့ လုပ်လို့ရတာ မဟုတ်ပါဘူး။ မဟာမိတ်တွေပါမှ လုပ်နိုင်မယ့်အရာပါ” ဟု ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“ဒရုန်းတွေနဲ့ အခြားပျံသန်းတဲ့ ယာဉ်တွေကို ကျွန်တော်တို့နိုင်ငံ(ပိုလန်)ရဲ့ နယ်နိမိတ်ထဲကို ဝင်မလာခင် ကြိုတင်တိုက်ခိုက်ချေမှုန်းတာက ဥပမာအားဖြင့် အပျက်အစီးအကြွင်းအကျန်တွေ ကောင်းကင်ပေါ်ကနေ ကျလာတာမျိုးတွေ အပါအဝင် ကျွန်တော်တို့ရဲ့ ပြည်သူလူထုအတွက် အကာအကွယ်ပေးမှုကို ပိုကောင်းမွန်စေမှာပါ” ဟု ၎င်းက ပြောသည်။
“တကယ်လို့ ယူကရိန်းက သူတို့လေပိုင်နက်အတွင်းမှာ အဲဒါတွေ(ရုရှားဒရုန်းနှင့် လေယာဉ်တွေ)ကို ပစ်ချဖို့ ကျွန်တော်တို့ကို တောင်းဆိုလာတယ်ဆိုရင် အဲဒါက ကျွန်တော်တို့အတွက်လည်း အကျိုးရှိမှာပါ။ ကျွန်တော်တစ်ဦးတည်းသဘောအရဆိုရင် အဲဒါကို လုပ်ဖို့ စဉ်းစားမှာပဲ”ဟု ၎င်းက ဖြည့်စွက်ပြောသည်။
နိုင်ငံလေပိုင်နက်အတွင်း လေယာဉ်မပျံသန်းရဇုန် အသက်သွင်းပေးရန် ယူကရိန်း၏ တောင်းဆိုမှုများကို အမေရိကန်နှင့် ၎င်း၏ နေတိုးမဟာမိတ်နိုင်ငံများက ယခင်က ငြင်းဆန်ခဲ့သည်။
ရုရှားလေယာဉ်များနှင့် ၎င်းတို့အကြား တိုက်ရိုက်ထိတွေ့တိုက်ခိုက်မှု ဖြစ်ပေါ်လာမည့် အန္တရာယ်ကြောင့် ယင်းသို့ ငြင်းဆန်ခြင်း ဖြစ်ကြောင်း The Washington Post သတင်းဌာနက ဖော်ပြသည်။
အထူးသဖြင့် ရုရှားဘက်က အပစ်ရပ်ရေးကို သဘောမတူသေးသည့်အချိန်တွင် သမ္မတဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်အစိုးရကလည်း အဆိုပါ ခြေလှမ်းမျိုးလှမ်းရန် လက်ရှိအချိန်အထိ အရိပ်အယောင်မတွေ့ရသေးကြောင်းလည်း ဖော်ပြထားသည်။
Source: The Washington Post