သိပ္ပံနဲ့ အနုပညာဟာ လုံးဝဆန့်ကျင်ဘက်တွေပဲဆိုတဲ့ ခေတ်နောက်ကျနေတဲ့ အယူအဆတစ်ခု ရှိပါတယ်။ သိပ္ပံဟာ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းနဲ့ ဆက်စပ်ပြီး ဆင်ခြင်တုံတရားရှိတယ်။ စနစ်တကျရှိတယ်။
အနုပညာဟာ ဦးနှောက်ညာဘက်ခြမ်းရဲ့ နယ်ပယ်ဖြစ်ပြီး နူးညံ့တယ်။ အလိုလိုခံစားသိနိုင်စွမ်းရှိတယ်။ တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်။ ကျင့်သားရနေပြီးသား ဆုံးဖြတ်ချက်တွေနဲ့ ဝမ်းတွင်းပါစွမ်းရည်တွေကတစ်ဆင့် လမ်းညွှန်တယ်ဆိုတဲ့ အယူအဆပါပဲ။
ဟုတ်ပါတယ်။ ဦးနှောက်ညာခြမ်းနဲ့ ဘယ်ခြမ်းအကြားမှာ ကွဲပြားမှုရှိတယ်ဆိုတဲ့ အကောက်အယူဟာ ယုံတမ်းစကားတစ်ခုသက်သက်ဆိုတာကို ဘယ်အာရုံကြောသိပ္ပံပညာရှင်ကမဆို ပြောမှာပါ။
သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွေးခေါ်ရာမှာရော ၊ ပန်းချီကားတစ်ချပ် ရေးဆွဲရာမှာပါ ဦးနှောက်ဘယ်ခြမ်းနဲ့ ညာခြမ်းနှစ်ခုစလုံးက ညီတူညီမျှ အရေးပါတယ်ဆိုတာကို အာရုံကြောသိပ္ပံပညာရှင်တိုင်းက ပြောမှာပါ။
ဒီသဘောအတိုင်းပါပဲ။ အခုချိန်ဟာ သိပ္ပံနဲ့ အနုပညာဟာ အခြေခံအားဖြင့် ကွဲပြားတယ်ဆိုတဲ့ ယုံတမ်းစကားကို စွန့်လွှတ်ရမယ့်အချိန်ကို ရောက်နေပါပြီ။ ကောင်းမွန်တဲ့ သိပ္ပံပညာဟာ အနုပညာပုံစံတစ်ခု ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ အနုပညာရှင်တွေနည်းတူ လေ့ကျင့်သား ပြည့်ဝနေပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အလိုလိုသိမှုနဲ့ ဆုံးဖြတ်ချက်တွေကို အသုံးပြုကြပါတယ်။ အနုပညာရှင်တွေနဲ့သာ သီးသန့်သက်ဆိုင်တယ်လို့ ကျွန်တော်တို့ မှတ်ယူထားလေ့ရှိတဲ့ သိမ်မွေ့တဲ့ စွမ်းရည် (soft skills) တွေကို သိပ္ပံပညာရှင်တွေကလည်း အားထားကြပါတယ်။
သုတေသနပရောဂျက်တွေကို ပုံဖော်တာကနေ လက်တွေ့သုတေသနစမ်းသပ်မှုတွေ ဒီဇိုင်းဆွဲတာ၊ အချက်အလက်တွေကို အဓိပ္ပာယ်ဖော်ပြီး တင်ပြတာ၊ သီအိုရီအသစ်တွေနဲ့ မော်ဒယ်လ်အသစ်တွေကို စိတ်ကူးကြံဆတာတွေအထိ သိပ္ပံပညာရှင်တွေဟာ အဲဒီ သိမ်မွေ့တဲ့ စွမ်းရည် (soft skills) တွေကို အားထားနေကြရတာ ဖြစ်ပါတယ်။
သိပ္ပံမှာက သိပ္ပံပညာရှင်တွေ လိုက်နာဖို့သက်သက် ဖော်မြူလာတစ်ခု ၊ နည်းစနစ် (သို့ ) ချဉ်းကပ်ပုံတစ်ခု မရှိတဲ့အတွက် တစ်နည်းအားဖြင့်ပြောရရင် သိပ္ပံပညာဟာ တိကျတင်းကျပ်တဲ့ သိပ္ပံပညာမဟုတ်ပါဘူး။ သိပ္ပံဟာ လက်တွေ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။
အနုပညာနဲ့ မတူတာ မဟုတ်ပါဘူး။ သိပ္ပံဟာ သုံးသပ်ဆုံးဖြတ်ချက်တွေနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ရဲ့ ရှုပ်ထွေးတဲ့ အစုအဝေးကြီးတစ်ခု ဖြစ်ပါတယ်။ သိပ္ပံဟာ ရိုးရှင်းတဲ့ ဖော်ပြချက် (သို့ ) အတိုင်းအတာတွေကို အမြဲတမ်းဖီဆန်တဲ့၊ ရှုပ်ထွေးတဲ့ ပြင်ပကမ္ဘာကို ဖမ်းဆုပ်ဖော်ပြဖို့ ရည်ရွယ်ပါတယ်။
သိပ္ပံနည်းကျ လုပ်ငန်းစဉ်ဟာ အနုပညာနဲ့ ဆင်တူတယ်ဆိုတာ အနည်းနဲ့အများ သိသာစေတဲ့ နည်းလမ်းတွေ ရှိပါတယ်။
ဥပမာအနေနဲ့ ကြည့်ရင် အဲလ်ဘတ်အိုင်းစတိုင်းဟာ လောကအရှိတရား (reality) ရဲ့ အခြေခံဖွဲ့စည်းပုံတွေကို နားလည်စေမယ့် နည်းလမ်းအသစ်တွေကို ဆန်းသစ်တီထွင်ဖို့အတွက် သူ့ရဲ့ ခေတ်ပြိုင်ရူပဗေဒရဲ့ အကန့်အသတ်တွေကို ကျော်လွန်တွေးခေါ်စဉ်းစားပြီး တီထွင်ဖန်တီးမှုရှိတဲ့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ စံနမူနာလိုမျိုး ဖြစ်နေပါတယ်။
မာရီကျူရီဟာ အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကက်သရင်းဂျွန်ဆန် ၊ ချားလ်စ်ဒါဝင် ၊ လီယိုနာဒိုဒါဗင်ချီ ၊ သားဗစ်အစ်ဘ်န်ကွတ်ရာနဲ့ အေဒါလပ်ဗ်လေ့ဆ်တို့ဟာလည်း အနုပညာရှင်တွေ ဖြစ်ခဲ့ပါတယ်။ ဒီသိပ္ပံပညာရှင်တွေဟာ သူတို့ ပတ်ဝန်းကျင်က ကမ္ဘာကြီးအကြောင်းကို တီထွင်ဆန်းသစ်မှုရှိရှိ တွေးခေါ်ခဲ့ကြပါတယ်။
သူတို့ဟာ သုတေသနနယ်ပယ်သစ်တစ်ခုလုံးတွေကိုပါ တွေ့ရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။ သိပ္ပံပညာသမိုင်းရဲ့ လမ်းကြောင်းကို ပြောင်းလဲစေခဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာအသစ်တစ်ခုကို စဉ်းစားပြီး အဖြေရှာခဲ့ဖူးတဲ့ သိပ္ပံပညာရှင်တိုင်းရဲ့ လုပ်ငန်းမှာ ဆန်းသစ်တီထွင်နိုင်စွမ်းက ထင်ထင်ရှားရှား ပါရှိနေပြီးသားပါ။
သီအိုရီပိုင်းအရ ဆန်းသစ်ဖန်တီးမှုအပြင် သိပ္ပံပညာမှာ တိုင်းတာမှုတွေ ၊ လက်တွေ့ စမ်းသပ်မှုတွေ ၊ နည်းပညာတွေ ၊ နိယာမတွေနဲ့ ဇာတ်လမ်းတွေ အများကြီး ပါဝင်တယ်ဆိုတာကို ကျွန်တော်တို့ မေ့လို့ မရပါဘူး။
ဒီအရာတွေအားလုံးကို စက်တွေလိုမျိုး အယ်လ်ဂိုရစ်သမ်ဆန်ဆန် မစဉ်းစားဘဲ အနုပညာရှင်တွေလိုမျိုး တီထွင်ဆန်းသစ်မှုရှိရှိ တွေးခေါ်စဉ်းစားတဲ့ လူတွေကနေ ပုံဖော်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါက ပိုနက်နဲသွားပါပြီ။ သိပ္ပံပညာရဲ့ အဓိကအူတိုင်လို့ ဆိုရမယ့် ယုတ္တိကျကျ တွေးခေါ်စဉ်းစားခြင်းကတောင်မှ အနုပညာဆန်ဆန် တွေးခေါ်စဉ်းစားခြင်းနဲ့ မကင်းနိုင်တာပါ။
သိပ္ပံကို အခြားသော သိမှုနယ်ပယ်တွေကနေ ဘယ်အရာက ကွဲပြားခြားနားစေသလဲလို့ ကျွန်မတို့ကိုယ်ကျွန်မ ပြန်မေးကြည့်တဲ့အခါမယ် သုံးပါးသော အဖြေဟာ အပေါ်ကို ရောက်လာပါတော့တယ်။ အဲဒါတွေကတော့ သိပ္ပံဟာ ဓမ္မဓိဌာန်ကျတယ်။ တင်းကျပ်တိကျတယ်။ သိပ္ပံနည်းကျချဉ်းကပ်မှုနည်းလမ်းကို လိုက်နာရတယ်ဆိုတာပါပဲ။
အနုပညာမှာလိုမျိုး ဝေဝါးလျော့တွဲမပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မတူဘဲ သိပ္ပံကို တိကျတဲ့ ၊ တင်းကျပ်တဲ့ ပညာရပ်နယ်ပယ်တစ်ခု ဖြစ်စေမယ့် နမူနာစည်းမျဉ်းတွေ ရှိခဲ့မယ်ဆိုရင် အဲဒါတွေက ဒါတွေပါပဲ။ ဒါတွေကို သေချာလေး ထပ်ကြည့်လိုက်ရအောင်ပါ။
“ဓမ္မဓိဌာန်ကျမှု” ဆိုတဲ့ စကားလုံးကို စဉ်းစားကြည့်ပါ။ ဒီစကားလုံးဟာ အချက်အလက်နဲ့ ရလဒ်တွေကို ဘက်လိုက်မှုရှိရှိ ပုံဖော်တာမျိုး မဖြစ်ရအောင် သူ့ရဲ့ လေ့လာမှုနယ်ပယ်နဲ့ ခပ်ခွာခွာ နေတဲ့ ၊ စိတ်ခံစားမှုမရှိတဲ့ ၊ စိတ်ခံစားမှုကို ဘေးဖယ်ထားတဲ့ ဓာတ်ခွဲခန်းထဲက သိပ္ပံပညာရှင်တစ်ယောက်ကို မြင်ယောင်မိစေပါတယ်။
ကျွန်မတို့က သိပ္ပံပညာရှင်တွေကို ဓမ္မဓိဌာန်ကျဖို့ အလေးအနက် တောင်းဆိုရင် အဲဒါက ဘာကို ဆိုလိုတာပါလဲ။ ယေဘုကျများသောအားဖြင့်ကတော့ သူတို့သိပ္ပံပညာရှင်တွေအနေနဲ့ ဘက်အစွဲတွေကို ရှောင်ရှားပြီး ၊ ပိုနှံ့စပ်တိကျဖို့ ၊ အဆောတလျင် ကောက်ချက်ချတာမျိုးတွေ ရှောင်ရှားဖို့ ကျွန်မတို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ပိုပြီး တိတိကျကျဆိုရရင် ကျွန်မတို့ဟာ သိပ္ပံပညာရှင် တစ်ယောက်ချင်းစီကို သူတို့ရဲ့ တိကျတဲ့ ရည်မှန်းချက်နဲ့ တိကျတဲ့ နောက်ခံအခြေအနေရှိမှာ ရှိတဲ့ တိကျတဲ့ ပရောဂျက်တစ်ခုအတွက် “ဓမ္မဓိဌာန်ကျမှု”ဆိုတဲ့ စကားလုံးက ဘာကို ဆိုလိုသလဲဆိုတာကို စဉ်းစားခိုင်းနေတာပဲ ဖြစ်တယ်။
ကမ္ဘာကြီးပူနွေးမှုအကြောင်း လေ့လာနေတဲ့ သမုဒ္ဒရာလေ့လာသူတစ်ယောက်အတွက် ဓမ္မဓိဌာန်ကျမှုဆိုတာဟာ အာကာသယာဉ်တွေမှာ အသုံးပြုဖို့ အရာဝတ္ထုအမျိုးအစားသစ်တွေ ဒီဇိုင်းဆွဲနေတဲ့ နာဆာသုတေသီတွေအတွက် ဓမ္မဓိဌာန်ကျမှုဆိုတာနဲ့ အတော်လေး ကွဲပြားမှာပါ။ ပြီးတော့ လူနာတွေကို လေ့လာနေတဲ့ စိတ်ပညာရှင်တစ်ယောက်ရဲ့ ဓမ္မဓိဌာန်ကျမှုဆိုတာနဲ့လည်း ကွဲပြားခြားနားနေမှာပါ။
ဒီအရာတွေကြားထဲမှာ တူညီမှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီတူညီမှုတွေဆိုတာကလည်း ဒီသိပ္ပံပညာရှင်တွေအားလုံးအတွက် တညီတညာတည်း အလုပ်ဖြစ်စေမယ့် လုပ်ဆောင်ချက်စာရင်းတစ်ခုကို ထောက်ပြလို့ ရတဲ့ ပုံစံမျိုးအထိတော့ မဟုတ်ပါဘူး။
ဓမ္မဓိဌာန်ကျမှုဟာ ဘာကို ဆိုလိုသလဲဆိုတာကို အဖြေရှာတာဟာ သေချာဂရုတစိုက် ဆုံးဖြတ်ရမယ့် အလုပ်တစ်ခု ဖြစ်ပါတယ်။
ဒါကို သူတို့ လုပ်ကိုင်နေရတဲ့ နောက်ခံအခြေအနေရဲ့ အထူးပြုပညာရပ်သိမှုနဲ့ သူတို့ရဲ့ တိကျတဲ့ ပန်းတိုင်တွေက ဘာလဲဆိုတာကနေ ကန့်သတ်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ မြင်းတစ်ကောင်ကို ပုံဖော်ပေးဖို့ ခိုင်းစေခံရတဲ့ အနုပညာရှင်တွေလိုပါပဲ။
မြင်းတစ်ကောင်ကို ပုံဖော်ဖို့ ခိုင်းစေခံရတဲ့ အနုပညာရှင်တွေဟာ ဒီမြင်းကို ဘယ်ရှုထောင့်ကနေ ပုံဖော်မလဲ ၊ သူတို့ ပုံဖော်ချင်တဲ့ မြင်းရဲ့ အစိတ်အပိုင်းတွေ ၊ လက္ခဏာတွေနဲ့ အနီးစပ်ဆုံးတူညီနိုင်ဖို့ ဘယ်ပစ္စည်းတွေနဲ့ နည်းစနစ်တွေကို သုံးရမလဲဆိုတာကို စဉ်းစားဆုံးဖြတ်ရပါတယ်။ သူတို့ ဖန်တီးချင်တဲ့ ပုံစံရအောင် မြင်းကို ဘယ်လောက်အထိ ကြီးအောင် ပုံဖော်ရမလဲ။
သိပ္ပံပညာမှာလည်း အလားတူပါပဲ။ သူတို့ သုတေသနလုပ်တဲ့အခါတွေမှာ သူတို့ လုပ်ကိုလုပ်ရမယ့် ကောက်ချက်ချဆုံးဖြတ်မှုတွေ ရှိပါတယ်။ သုတေသနလုပ်ငန်းစဉ်မှာ အဂတိတရားကင်းစေဖို့ စီစဉ်ထားတဲ့ Single blind နည်းလမ်းကို သုံးမလား ၊ ဒါမှမဟုတ် Double blind နည်းလမ်းကို သုံးမလား။
ဒီသုတေသနရဲ့ ရည်ရွယ်ချက်တွေကို သုတေသနမှာ လေ့လာခံရသူတွေက ဘယ်လောက်များများ သိထားသင့်သလဲ။ အနီးပတ်ဝန်းကျင်ဧရိယာတစ်ခုမှာ ပင်လယ်မြက်ရှင်သန်ပေါက်ဖွားနေမှုကို စနစ်တကျ လေ့လာတယ်ဆိုတာ ဘယ်လိုအရာကို သတ်မှတ်ယူဆရမလဲ။
အစာအာဟာရနဲ့ ပတ်သက်ရင် “ကျန်းမာရေးနဲ့ ညီညွတ်တယ်” ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။
ဘယ်အရာက “တိကျတင်းကျပ်တဲ့” သိပ္ပံပညာကို ဖြစ်စေသလဲ (သို့) “သိပ္ပံနည်းကျ နည်းလမ်း”ဆိုတာကို ဘယ်အရာက ဖြစ်စေသလဲ ဆိုတာနဲ့ ပတ်သက်လို့ တိကျရှင်းလင်းတဲ့ အဖြေတစ်ခု မရှိပါဘူး။ ဒီအယူအဆတွေကို သိပ္ပံပညာရှင်တွေကိုယ်တိုင်က လက်တွေ့အခြေအနေပေါ်လိုက်ပြီး ဆုံးဖြတ်ဖို့ လိုအပ်တာပါ။
သိပ္ပံပညာရှင်တွေကိုယ်တိုင်က လက်တွေ့အခြေအနေပေါ်မူတည်ပြီး ဒီအယူအဆတွေကို ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ပန်းတိုင်နဲ့ အခြေအနေအပေါ် အကောင်းဆုံး လိုက်ဖက်မယ့်အရာကို သေချာဂရုတစိုက် ရွေးချယ်ဆုံးဖြတ်ရမှာပါ။
လက်တွေ့အခြေအနေပေါ်မူတည်ပြီး ဒီအယူအဆတွေကို ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဒါက ဒီအယူအဆတွေကို ကန့်သတ်ထိန်းချုပ်ထားတဲ့ အရာတွေ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။
သိပ္ပံနည်းကျနည်းလမ်းကို လိုက်နာတဲ့ တိကျတင်းကျပ်တဲ့ ၊ ဓမ္မဓိဌာန်ကျတဲ့ ပရောဂျက်တစ်ခုဟာ ဘယ်လိုအရာမျိုးလဲဆိုတာအတွက် ရှင်းလင်းတဲ့ စည်းမျဉ်းတွေ ရှိပါတယ်။
ဒါပေမဲ့ အဲဒီအရာတွေဟာ အသုံးပြုသူတွေရဲ့ တီထွင်ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဆုံးဖြတ်ချက်တွေ မပါဘဲ စက်ပစ္စည်းလို အလိုအလျောက်အယ်လ်ဂိုရစ်သမ်ကို ဖြစ်စေတယ်လို့ ဆိုမယ်ဆိုရင်တော့ လက်တွေ့ဘဝမှာ သိပ္ပံပညာရှင်တွေ တကယ်တမ်း ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကို လျစ်လျူရှုရာ ကျပါတယ်။
သိပ္ပံပညာဟာ တီထွင်ဖန်တီးတဲ့ တွေးခေါ်မှုကို လိုအပ်ရတဲ့ အကြောင်းအရင်းတစ်ခုကတော့ သိပ္ပံပညာဟာ အင်မတန် ရှုပ်ထွေးလွန်းလို့ပါပဲ။ သိပ္ပံပညာမှာ သီအိုရီတွေနဲ့ အနုမာန မှန်းဆချက်တွေပဲ ပါဝင်တာ မဟုတ်ပါဘူး။
လက်တွေစမ်းသပ်မှုတွေ ၊ ဒေတာတွေ ၊ သုတေသနနည်းနိဿယျတွေ ၊ နည်းစနစ်တွေ ၊ လက်တွေ့လုပ်ငန်းတွေ ၊ သုတေသနကိရိယာတွေ ၊ တိုင်းတာမှုတွေ ၊ အမျိုးအစားခွဲပုံခွဲနည်းတွေ စသဖြင့် ပါဝင်ပါတယ်။
ပြီးတော့ သိပ္ပံပညာဟာ သတ်မှတ်ထားတဲ့ ပန်းတိုင်ဆီ ရောက်ဖို့ သေချာဂရုတစိုက် ထိန်းချုပ်ပြီးတော့ တည်ဆောက်ထားရမယ့် ၊ တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးသက်ရောက်မှုရှိတဲ့ ရှုပ်ထွေးတဲ့ အဲဒီအစိတ်အပိုင်းအုပ်စုကြီးကို သိပ္ပံပညာက အသုံးပြုပါတယ်။
သိပ္ပံမှာ ဒီအစိတ်အပိုင်းတွေ ဘယ်လိုအပြန်အလှန်သက်ရောက်မှုရှိသလဲဆိုတာရဲ့ အသေးစိတ်ကို ဖမ်းဆုပ်ပြသတဲ့ အလိုအလျောက်လည်ပတ်တဲ့ ၊ ဓမ္မဓိဌာန်ကျတဲ့ ၊ သိပ္ပံနည်းကျ လုပ်ငန်းစဉ်တစ်ခု မရှိသလို ၊ နောင်ရှိလာနိုင်မှာလည်း မဟုတ်ပါဘူး။
သိပ္ပံနည်းကျသိမှုဗဟုသုတသစ်နဲ့ ထုတ်ကုန်ကိရိယာသစ်တွေကို ဖန်တီးထုတ်လုပ်ရာမှာ ဒီအစိတ်အပိုင်းတွေကို အတူတကွ အသုံးပြုရာဖို့ သိပ္ပံပညာရှင် နေ့စဉ်ပြုလုပ်နေတဲ့ ပညာရှင်အကဲဖြတ်ချက်(ဆုံးဖြတ်ချက်-expert judgement)ကိုလည်း လျစ်လျူရှုလို့ မရပါဘူး။
ဒီအရာတွေ အားလုံးကို ပိုခက်ခဲသွားစေတဲ့အချက်ကတော့ ကမ္ဘာကြီးကိုယ်တိုင်က ရှုပ်ပွပြီးတော့ ရှုပ်ထွေးတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီလို ကမ္ဘာကြီးကို ရှင်းပြဖို့ ကျွန်တော်တို့ ကြိုးစားတဲ့အခါ ကျွန်တော်တို့ဟာ စည်းမျဉ်းတွေကို နက်နက်ရှိုင်းရှိုင်း ဖွက်ထားတဲ့ ကမ္ဘာတစ်ခုကို ပုံတူကူးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒါကို ထပ်ဆင့်နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိပ္ပံပညာရှင်တွေဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်ကို တပ်မံဖန်တီးဖို့ ကြိုးစားနေတဲ့ အနုပညာရှင်တွေလိုပါပဲ။ အနုပညာရှင်တွေဟာ သူတို့ရှေ့မှာ ရှိတဲ့ ပန်းချီကို တောက်လျှောက်တိုက်ဆိုင်ကြည့်နေရင်းနဲ့ ဂရုတစိုက် လုပ်ကိုင်ဆောင်ရွက်ပါတယ်။ လေ့ကျင့်သားဝနေတဲ့ အလိုလိုသိစိတ်နဲ့ ဆုံးဖြတ်သုံးသပ်ချက်ကနေ လမ်းညွှန်မှုနဲ့ သေချာဂရုတစိုက် လုပ်ကိုင်ဆောင်ရွက်ပါတယ်။
အခြားအနုပညာရှင်တွေအတွက် ဘယ်ဟာက အလုပ်ဖြစ်ခဲ့တယ် ၊ ဘယ်ဟာက အလုပ်မဖြစ်ခဲ့ဘူးလဲဆိုတာကို သိခြင်းအားဖြင့် အနုပညာရှင်တွေဟာ သေချာဂရုတစိုက် လုပ်ကိုင်ဆောင်ရွက်ပါတယ်။
သူတို့ရဲ့ peer တွေရဲ့ ဖန်တီးမှုတွေကို ကြည့်ပါတယ်။ အခြားသူတွေ ဘယ်လိုရှေ့ဆက်လုပ်ကိုင်ခဲ့ကြတယ်ဆိုတာကို ကြည့်ပါတယ်။ ကောင်းတဲ့အချက်လေးတွေကို အခြားသူတွေဆီကနေ ရအောင် အစွမ်းကုန်ကြိုးစားကြပါတယ်။
ချဉ်းကပ်ပုံအဟောင်းတွေက သူတို့ လိုချင်တာနဲ့ မကိုက်ညီတဲ့အခါ ချဉ်းကပ်ပုံအသစ်တွေ ဖန်တီးကြပါတယ်။သိပ္ပံပညာရှင်တွေ လုပ်တာလည်း ဒီအတိုင်းပါပဲ။
သိပ္ပံပညာဟာ တင်းကျပ်တိကျတယ်။ ဓမ္မဓိဌာန်ကျတယ်။ ပြီးတော့ သိပ္ပံနည်းကျ နည်းလမ်းကို လိုက်တယ်။ ဒါပေမဲ့ သိပ္ပံဟာလည်းပဲ အခြေခံအရကို ဆန်းသစ်တီထွင်နိုင်စွမ်း ရှိပါတယ်။
( iai news ဝဘ်ဆိုက်တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ ၃ ရက်နေ့က ဖော်ပြထားသည့် စတန်းဖို့ဒ်တက္ကသိုလ်မှ သုတေသီ Ann C. Thresher ၏ The divide between art and science is a mistake ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဈာန်ဟိန်း