ယူကရိန်းသို့ စစ်ရေးအထောက်အပံ့များပေးခြင်းဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံနှင့် စစ်ဖြစ်နေကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ရုရှားသတင်းထောက်များကို စက်တင်ဘာလ ၁၅ ရက်နေ့က ပြောကြားလိုက်သည်။
“နေတိုးက ရုရှားနဲ့ စစ်ဖြစ်နေတာ။ ဒါက သိသာထင်ရှားပါတယ်။ ဘာသက်သေမှ မလိုဘူး။ ကိယက်ဗ်က အစိုးရကို နေတိုးက တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးရော အထောက်အပံ့တွေ ပေးနေတယ်” ဟု Peskov က ပြောဆိုခဲ့သည်။
အနောက်နိုင်ငံများ၏ ယူကရိန်းကို ထောက်ပံ့ပေးမှုသည် စစ်ပွဲတွင် အနောက်နိုင်ငံများက ပါဝင်တိုက်ခိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟူသော ရုရှားအစိုးရ၏ ပြောဆိုမှုကို ထပ်မံထင်ဟပ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
Dmitry Peskov၏ အဆိုပါ ပြောဆိုမှုများသည် ရုရှားဒရုန်းများကို ၎င်းတို့ ပစ်ချခဲ့ကြောင်း ပိုလန်က အတည်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပစ်ချမှုသည် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပိုင်နက်အတွင်း ရုရှားစစ်ဘက် တိုက်ခိုက်ရေးယာဉ်များကို ပထမဆုံး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်သည်။
Source: The Kyiv Independent