တော်လှန်ရေးအင်အားစုများ စီစဥ်သည့် ထောက်ပို့ထီ၏ ကော်မတီဝင်တစ်ဦးဖြစ်သည့် မမင်မင်ခင်သည် စက်တင်ဘာလ ဒုတိယအပတ်က ထိုင်းနယ်စပ်တစ်နေရာတွင် ဖမ်းဆီးခံထားရသည်ဟု သတင်းကြားရကြောင်း ထောက်ပို့ထီအဖွဲ့က သတင်းထုတ်ပြန်သည်။
မမင်မင်ခင်သည် ခရီးသွားလာနေစဉ် စက်တင်ဘာလ ၁၀ ရက်တွင် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်ပြီး ယင်းနောက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက အကြောင်းကြားလာကြောင်း ထောက်ပို့ထီ ကော်မတီဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်အထိ အဆက်အသွယ် ပြန်မရသေးကြောင်း ၎င်းက ဆိုသည်။
မမင်မင်ခင် ဖမ်းဆီးခံရပြီးနောက် ၎င်းပါဝင်ထားသည့် သက်ဆိုင်ရာ ချိတ်ဆက်ရသည့် ကွန်ရက်များက ဖယ်ရှားထားပြီး ဖြစ်သဖြင့် ထီထိုးသူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ဖွယ် မရှိတော့ကြောင်း အထက်ပါကော်မတီဝင်က ပြောဆိုသည်။
ထောက်ပို့ထီသည် ပြီးခဲ့သည့် သြဂုတ်လတွင် အကြိမ် ၂၀မြောက်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၁ ကြိမ်မြောက်အတွက်လည်း ထီလက်မှတ်များ ရောင်းချနေသည်။ ထောက်ပို့ထီကို လစဥ် ၂ ရက်နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်ကာ ထီဖွင့်လေ့ရှိသည်။
တစ်စောင်လျှင် မြန်မာကျပ်ငွေ ၂၀၀၀ နှုန်းဖြင့် ရောင်းချနေသည့် ထောက်ပို့ထီကို ထီကိုယ်စားလှယ်များမှတစ်ဆင့် တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေများတွင် ရောင်းချနေသလို၊ ထောက်ပို့အဖွဲ့များမှတစ်ဆင့် ပြည်ပနိုင်ငံများနှင့် အွန်လိုင်းတို့မှတစ်ဆင့် ရောင်းချနေခြင်းဖြစ်သည်။