စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် အရပ်သား ၂၂၄ ဦး သေဆုံးကြောင်း အရပ်သား ထိခုက်မှု အခြေအနေကို သုတေသနပြုနေသည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူများထဲတွင် သာမန်အရပ်သားများ အပါအဝင် ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ်ရေးမှူးအပါအဝင် PDF နှင့် ပတ်သက်သူများကိုလည်း ထည့်သွင်းရေတွက်ထားကြောင်း ယင်းအဖွဲ့က စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
အရပ်သားသေဆုံးသူ စာရင်းတွင် လက်နက်ကိုင်ဆောင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ ERO အဖွဲ့ဝင်များအား ထည့်သွင်းထားခြင်း မရှိကြောင်း ရေးသားထားသည်။
အရပ်သားသေဆုံးမှုမှာ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စသည့် စစ်ကောင်စီလက်ဝေခံ အဖွဲ့များ၏ လက်ချက်ကြောင့် သေဆုံးရသူများရှိသလို PDF အဖွဲ့အချို့၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူများလည်း ရှိကြောင်း ထုတ်ပြန်သည်။
ယင်းအပြင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးစဉ်နှင့် ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း ကြောင့် သေဆုံးရခြင်းမျိုးရှိသလို ဆိုင်ကယ်စီးသွားလာသည့် သာမန်အရပ်သားများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ပစ်ခတ်ခြင်းကြောင့်လည်း သေဆုံးခဲ့ရကြောင်း ဆက်လက်ဖော်ပြသည်။
အချို့ဖြစ်စဉ်များတွင် မှားယွင်း သတ်ဖြတ်ခံရခြင်း၊ မိသားစုဝင်များပါ ထိခိုက်သေဆုံးခြင်းအပြင် ခရီးသွားပြည်သူ အချို့လည်း မှားယွင်းပစ်ခတ်ခံရမှုကြောင့် သေဆုံးရခြင်းများလည်း ရှိကြောင်း ရေးသားထားသည်။
ယခုနှစ် ဧပြီ၊ ဇွန်နှင့် ဩဂုတ်လများတွင် အရပ်သား ၃၀ နီးပါး သေဆုံးခဲ့ပြီး လောင်းလုံး၊ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များသည် အခြားမြို့နယ်များထက် အရပ်သားသေဆုံးသည့် အရေအတွက် ပိုမိုများပြားကြောင်း Southern Monitor အဖွဲ့ထံမှ သိရသည်။
Southern Monitor သည် တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး၊ ပဋိပက္ခအခြေနေ၊ စစ်ဘေးရှောင် ပြည်သူများအရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို သုတေသနပြုလုပ်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။







