BREAKING
October 18, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

August 16, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ် ၁၀ ရက်မှ ၁၆ ရက်အထိ

လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့နယ်တွေမှာပါ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကော်မရှင်ကြေညာ

Photo – NIKKEI ASIA

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူ၊ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာပါ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေ သတ်မှတ်တာနဲ့ ရွေးကောက်ပွဲကျင်းပမယ့် စနစ်တွေကို ဩဂုတ်လ ၁၅ရက်မှာ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့နယ်များစွာကို ထိန်းချုပ်ထားတဲ့ ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ချင်း၊ ကရင်၊ ကရင်နီနဲ့ ​NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းယူထားတဲ့ မန္တလေးနဲ့ စစ်ကိုင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်တွေကိုပါ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး အဲဒီမြို့နယ်တွေကိုပါ ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်ထဲ ထည့်ထားတာပါ။ ဒါ့အပြင် ဝ နဲ့ မိုင်းလား ဒေသတွေမှာလည်း ကျင်းပမယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲစနစ်ကိုလည်း အရင် ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) အပြင် အချိုးကျကိုယ်စားပြုစနစ် (PR) ပါ ထည့်သွင်းမယ်လို့ ကြေညာထားပါတယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ အတွက် FPTP စနစ်၊ အမျိုးသားလွှတ်တော်မှာတော့ FPTP စနစ်နဲ့ ၈၄ နေရာ၊ PR စနစ်နဲ့ ၂၆ နေရာ၊ တိုင်း ဒါမှမဟုတ် ပြည်နယ် လွှတ်တော်မှာတော့ FPTP စနစ်နဲ့ ၃၂၂ နေရာ၊ PR စနစ် ၄၂ နေရာ ကျင်းပမယ်လို့ ဆိုပါတယ်။

ရခိုင်မှာ မြို့နယ် ၁၇ခုထဲက မြို့နယ် ၁၄ခုနဲ့ ချင်းက ပလက်ဝမြို့နယ်တွေကို သိမ်းယူထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA ကတော့ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ တရားဝင်ထုတ်ဖော်ပြောဆို ထား ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း ရွေးကောက်ပွဲမဖြစ်အောင် လုပ်ဆောင်ဖို့ တစ်မျိုးသားလုံးမှာ တာဝန်ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် NUG ၊ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နေကြပါတယ်။

……………………………………..

လူငယ် ၁၀ဦးမှာ လေးဦး ပြည်ပထွက်လို

ပုံစာ- မြန်မာလူငယ်တွေ ထိုင်းနိုင်ငံသို့  MoU စနစ်နဲ့ တရားဝင် အလုပ်သွားရောက်လုပ်ကြတာပါ (ပုံဟောင်း)။ Photo- Myanmar Labour Attache Office

အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးကျပ်တည်းမှု၊ ပြည်တွင်းစစ်နဲ့ အဓမ္မစစ်မှုထမ်းစုဆောင်းတာတွေကြောင့် မြန်မာလူငယ် ၁၀ဦးမှာ လေးဦးဟာ အခွင့်အရေးရရင် ပြည်ပကိုထွက်လိုကြတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။

‘ဌာနေဝေးမျိုးဆက်’ လို့ အမည်ပေးတဲ့ထားတဲ့ အဲဒီအစီရင်ခံစာကို လူငယ် ခုနစ်ထောင်ကျော်ကို မေးမြန်းပြီး ဩဂုတ်လ ၁၂မှာ ကျရောက်တဲ့ အပြည်အပြည်ဆိုင်လူငယ်များနေ့မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အသက် ၁၈နှစ်ကနေ ၃၅နှစ်အတွင်း လူငယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပြည်ပထွက်လိုကြတာဖြစ်ပြီး ဒီအခြေအနေဟာ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေအပေါ် သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆင်မြင့်ပညာရေး ပြီးဆုံးထားသူ ၅၀ ရာခိုင်နှုန်းကျော်ကလည်း ပြည်ပသို့ ရွှေ့ပြောင်းလိုတာကြောင့် ကျွမ်းကျင် လုပ်သား ပြန်မနိုင်မှု အန္တရာယ်မြင့်မားနေပြီး အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ အင်ဂျင်နီယာ စတဲ့ ကဏ္ဍတွေမှာ ကျွမ်းကျင်ပညာရှင် ဆုံးရှုံးနိုင်ခြေရှိနေတယ်လို့ ဖော်ပြပါတယ်။

နိုင်ငံထွက်ခွာလိုတဲ့ လူငယ် ၉၀ ရာခိုင်နှုန်းကတော့ တကယ်လို့ နိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေးတိုးတက်ကောင်းမွန်လာရင် ပြန်လာလိုတယ်လို့ ဆိုထားပါတယ်။

……………………………………..

နာရေး၊ ကားတန်း၊ ဘုန်းကြီးကျောင်းတွေကို လေကြောင်းနဲ့ ဗုံးကြဲလို့ လူ ၅၀နီးပါးသေဆုံး

ပုံစာ – စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းပေါ်မှာ ဩဂုတ်လ ၁၁ ရက်က ပိတ်မိနေတဲ့ ခရီးသည်နဲ့ ကုန်တင် ကားတန်းကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေမျာ နာရေး၊ ခရီးသွားသည်နဲ့ ကုန်တင်ကားတန်း၊ ဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅၀ နီးပါး သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းပေါ်မှာ ဩဂုတ်လ ၁၁ ရက်က ပိတ်မိနေတဲ့ ခရီးသည်နဲ့ ကုန်တင် ကားတန်းကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်တာကြောင့် ကားသမားအများစု အပါအဝင် ခရီးသည် ၁၅ဦးထက်မနည်းသေဆုံးပြီး ရဟန်းတွေ အပါအဝင် ထိခိုက်ဒဏ်ရာရသူလည်း ၂၀ ကျော်ရှိတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ လင်းရောင်ခြည် ဘုန်းတော်ကြီးကျောင်းကို ဩဂုတ်လ ၁၄ ရက် ညမှာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲလို့ အမျိုးသမီး ၁၆ဦး၊ အမျိုးသားငါးဦး စုစုပေါင်း ၂၁ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ကျေးရွာက နာရေးတစ်ခုကိုလည်း ဩဂုတ် ၈ ရက်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် လူ ၁၁ ဦးသေဆုံးပြီး ၄၀ နီးပါးဒဏ်ရာရတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ ဘီဘီစီ မြန်မာပိုင်း သတင်းတစ်ရပ်မှာတော့ PDF တပ်ဖွဲ့ဝင် တစ်ဦးရဲ့ နာရေးလို့ ဖော်ပြပါတယ်။

ဩဂုတ်လ ၁၀ရက် ညပိုင်းကလည်း ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ရှိတဲ့နေရာကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တချို့ မီးလောင်ခဲ့သလို ထိခိုက်ဒဏ်ရာရသူ တချို့လည်းရှိပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ဒေသခံ အများအပြား ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ခဲ့ရပါတယ်။

……………………………………..

စစ်သင်္ဘောအုပ်ရောက်ပြီးနောက် ဗန်းမော်က နေရာတချို့ကို စစ်အာဏာရှင်တပ် ပြန်နေရာယူ

ပုံစာ – ၃၆၆ အမြောက်တပ်ရင်းမှာ စစ်အာဏာရှင်တပ်က ပြန်လည်ဝင်ရောက်နေရာယူထားပါတယ်။

မန္တလေးကနေ စစ်ကူလာတဲ့ စစ်သင်္ဘောအုပ်တွေ ရောက်ရှိလာပြီးနောက်မှာ ကချင်ပြည်နယ် ဗန်းမော်မြို့က အမြောက်တပ်နဲ့ လေယာဉ်ကွင်း နေရာတချို့ကို ဩဂုတ်လ ၁၀ရက်မှာ စစ်အာဏရှင်တပ်က ပြန်လည်ဝင်ရောက်နေရာ ယူထားတယ်လို့ ကချင် လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါတယ်။

၃၆၆ အမြောက်တပ်ရင်းနဲ့ လေယာဉ်ကွင်းကို ဗန်းမော်ထိုးစစ်ကာလအတွင်း KIA က သိမ်းယူထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ထဲမှာ KIA ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်ရရှိဖို့အတွက် စစ်အာဏာရှင်တပ်က ဒရုန်းတွေ အဓိက အသုံးပြုသလို လက်နက်ကြီး၊ လေကြောင်း ပစ်ကူတွေ ဆက်လုပ်ပြီးမှာ မြေပြင်ထိုးစစ်ဆင်တဲ့ ဗျူဟာကို အသုံးပြုနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။

ခရိုင်မြို့ဖြစ်ပြီး အမှတ် ၂၁ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ရှိတဲ့ ဗန်းမော်မြို့ကို KIA က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တပ်ရင်းအချို့၊ လေယာဉ်ကွင်းနဲ့ မြို့ရဲ့ နေရာအများစုကို သိမ်းယူထားနိုင်ခဲ့ပါတယ်။ စကခ ၂၁ အနီးဝန်းကျင် မှာ နှစ်ဖက် စစ်ဆိုင်နေတဲ့ အခြေအနေမှာ စကခ ၂၁ အနီးမှာရှိတဲ့ အမြောက်တပ်ရင်း ၃၆၆ ကို စစ်အာရှင်တပ်က ပြန်လည် ရရှိသွားတာပါ။

စစ်အာဏာရှင်တပ်ဟာ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။ လက်ရှိမှာ ကရင်နီတော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ ဒီးမော့ဆိုမြို့ကိုလည်း ထိုးစစ်ဆင်နေသလို နိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်းမြောက်မှာလည်း ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

……………………………………..

သိမ်းထားတဲ့မြို့တွေကို တရုတ်ဖိအားကြောင့် ပြန်လွှဲပေးဖို့မရှိဘူးလို့ AA တုံ့ပြန်

Photo – AA Info Desk

သိမ်းယူထားတဲ့မြို့နယ်တွေကို တရုတ်နိုင်ငံရဲ့ဖိအားကြောင့် မြန်မာစစ်အာဏာရှင်တပ်ဆီကို ပြန်လည်လွှဲပြောင်းပေးဖို့ မရှိဘူးလို့ အာရက္ခတပ်တော် (AA) က တုံ့ပြန်လိုက်ပါတယ်။

AA ဟာ ရခိုင်က မြို့နယ် ၁၄ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို သိမ်းယူထိန်းချုပ်ထားပါတယ်။ ရှမ်းမြောက်မှာ တရုတ်ဖိအားကြောင့် AA ရဲ့ မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်က လားရှိုးမြို့ကို စစ်အာဏရှင်တပ်ဆီ ပြန်လွှဲပေးလိုက်ရတာ၊ ထိုးစစ်တွေ ရပ်ဆိုင်းလိုက်ရတာ၊ စစ်အာရှင်တပ်ရဲ့ ထိုးစစ်ကြောင့် နောင်ချိုမြို့ကို တအာင်းတပ် လက်လွှတ်လိုက်တာတွေ ကြုံနေချိန်မှာ AA က အခုလို တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။

AA အနေနဲ့ တပ် စတင်တည်ထောင်ချိန်က ရည်မှန်းချက်ဖြစ်တဲ့ ရခိုင်တစ်ပြည်နယ်လုံး သိမ်းယူရေး ပန်းတိုင်းကို အဆုံးအထိ ဆက်လျှောက်သွားမယ်လို့ ဩဂုတ်လ ၁၁ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

ရခိုင်မှာ မြို့တော် စစ်တွေနဲ့ ပြည်နယ်တောင်ပိုင်းက မာန်အောင်မြို့၊ တရုတ်စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့တွေကိုပဲ စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ လက်ရှိမှာ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

……………………………………..