BREAKING
October 19, 2025

ပလမြို့တွင် တိုက်ပွဲအကြိမ်ရေ ၃၀နီးပါးဖြစ်၊ နှစ်ဖက်ထိခိုက်ပြီး ပြည်သူဆယ်နှင့်ချီသေဆုံး

August 16, 2025

ဓာတ်ပုံ - မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်း

ပုလောမြို့နယ်၊ ပလမြို့တွင် စစ်အာဏာရှင်တပ်နှင့် တိုက်ပွဲကြီး ကိုးကြိမ်၊ တိုက်ပွဲငယ်‌ ၂၀ ဝန်းကျင် ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ကြောင့် အရပ်သားဆယ်နှင့်ချီ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်ကစပြီး စစ်အာဏာရှင်တပ်က ပလမြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်လာ သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ဩဂုတ် ၉ရက်အထိ တိုက်ပွဲဖြစ်ကြောင်း မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုကဲ့သို့ တိုက်ပွဲမဖြစ်မီ စစ်အာဏာရှင်တပ်က ပလမြို့ဝန်းကျင်ရှိ ၎င်းတို့၏ တပ်စခန်းနှင့် စိုးမိုးနယ်မြေများဖြစ်သည့် စက်တော်ရာတောင်နှင့် ကြဲရွာတို့ကို အင်အားဖြည့်တင်းနေသည်မှာ အချိန်ကြာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“၂၄ရက်နေ့က ပလဆိပ်ကမ်းက တက်လာတော့ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ။ ကျွန်တော်တို့က မြို့သိမ်းအစီအစဉ် အရင်ကတည်းက ရှိပေမယ့် အခုက သူတို့ဘက်ကနေ စစ်ကြောင်းထိုးလာလို့ ပြန်တိုက်တဲ့ သဘောပါ” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

တိုက်ပွဲမဖြစ်မီက ပလမြို့ရဲစခန်းနှင့် တိုတောင်တစ်ကြောကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားပြီး ကျန်သည့် နေရာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထား‌ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲခြင်းနှင့် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သား ၂၀ ဦးအထိ သေဆုံးကြောင်း အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

၁၇ ရက်အကြာ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သား ၅၃ ဦးသေဆုံးပြီး ၄၈ ဦးဒဏ်ရာရကာ တော်လှန်ရေး ပူးပေါင်းတပ်ဘက်က လေးဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှစ်ဖက်ထိခိုက်သေဆုံးသည့်အရေအတွက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

တိုက်ပွဲအတွင်းစစ်အာဏာရှင်တပ်က လေကြောင်းက ၁၁ ကြိမ်နှင့် ရေတပ်စစ်သင်္ဘောက ၂၆ ကြိမ် ပစ်ကူပေးခဲ့ပြီး ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်သည့်အတွက် ပလမြို့နှင့် အနီးဝန်းကျင်ရှိ နေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးနိုင်ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေ ဘက်စုံသုံးပြီး တိုက်ခိုက်ခြင်းမှာ ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှုရရန်နှင့် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်လိုသည့်အတွက် ဖြစ်နိုင်ကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“သူတို့ (စစ်အာဏာရှင်တပ်) က သူတို့ထိန်းချုပ်ချင်တာကို ရအောင်ထိန်းချုပ်ဖို့ကြိုးစားမှာပဲ။ အခုတစ်ကြိမ်မှာ ရည်ရွယ်ချက် မအောင်ဘဲဖြစ်သွားတော့ ဆက်ပြီးထိုးစစ်ဆင်ဖို့လုပ်ဦးမှာပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်အာဏာရှင်တပ်အင်အား နှစ်ရာ ဝန်းကျင်သည် ပလမြို့ပေါ်ရှိ နေအိမ်များတွင် တပ်စွဲထားပြီး မြို့ပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ရှိနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။