မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွင် ဆယ်ကျော်သက်တစ်ဦး ဩဂုတ်လ ၁၃ ရက်နေ့ကပျောက်ဆုံးသွားပြီး ယနေ့အထိ အဆက်အသွယ်မရဘဲ ဖြစ်နေကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူအချို့ထံမှသိရသည်။
တုံးဗျောရွာကျေးရွာအုပ်စု ကင်းတပ်ရွာနေ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး မြိတ်မြို့သို့ အိုးဝေ(သုံးဘီးကား) စီးပြီးသွားရာက ကျောက်ဖြူတောင်ရွာရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွင် ပျောက်ဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါလူငယ်စီးလာသည့် သုံးဘီးကားမောင်းသူက ကျောက်ဖြူတောင် စစ်ဆေးရေးဂိတ်အတွင်းသို့ဝင်ကာ လက်မှတ်ထိုးပြီး ပြန်ထွက်လာစဉ် သုံးဘီးပေါ်ထိုင်နေသည့် အဆိုပါလူငယ်မရှိတော့ကြောင်း ၎င်းက ပြောသည်။
“သားငယ်က အိုးဝေထဲမှာ ထိုင်(ပြီး) ကျန်ခဲ့တယ်။ ဂိတ်နဲ့ခပ်လှမ်းလှမ်းမှာ လက်မှတ်ထိုးဖို့နေရာ လုပ်ထားတယ်။လက်မှတ်ထိုးပြီး ပြန်လာတော့ သားငယ်က မရှိပြီ(တော့ဘူး)”ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
ပျောက်သွားသည့် ဆယ်ကျော်သက်လူငယ်၏ ဖုန်းကိုဆက်သွယ်သော်လည်းမရသဖြင့် မိဘများကိုအကြောင်းကြားရန် သုံးဘီးမောင်းသူက ကင်းတပ်ရွာသို့ပြန်လာခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ထိုနောက်မိဘဖြစ်သူက ကျောက်ဖြူတောင်စစ်ဆေးရေးဂိတ်သို့လိုက်သွားပြီး မေးမြန်းစုံစမ်းရာ စစ်အာဏာရှင်တပ်သားများက ၎င်းတို့ဖမ်းဆီးထားခြင်းမရှိကြောင်း ပြောဆိုသည်ဟု အထက်ပါဒေသခံက ဆိုသည်။

“မိဘတွေက ဂိတ်ကို ထွက်လိုက်ပြီး သွားမေးတော့ မသိဘူးလို့ပြောလိုက်တယ်။ မဖမ်းဘူး မသိဘူးလို့ပြောလိုက်တယ်။ စစ်ဆေးရေးဂိတ်ကနေပျောက်သွားပြီး ဘိတ်(မြိတ်)မှာ သွားစုံစမ်းလည်း ဘာမှမသိရဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါဆယ်ကျော်သက်လူငယ်ကို ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အထိ ရှာမတွေ့သေးဘဲ အဆက်အသွယ်ပြတ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
စစ်အာဏာရှင်တပ်က လူငယ်များကို နည်းလမ်းမျိုးစုံဖြင့် အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်နေသည့်အတွက် လူငယ်များနှင့် မိဘအုပ်ထိန်းသူများက စိုးရိမ်နေကြသည်။