ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

“ဆဲချင်သူများလည်း ဆဲနိုင်ပါတယ်”လို့ ပြောလာတဲ့ သန့်ဇင်

August 16, 2025

မြန်မာဖိုက်တာလေး သန့်ဇင်ကတော့ မနေ့ညက ရှုံးပွဲနဲ့ပတ်သက်လို့ ပရိသတ်တွေက သူ့ကို ဝေဖန်ကြတာ၊ ဘဝင်မကျတာတွေနဲ့ပတ်သက်ပြီး နားလည်လက်ခံပါတယ်၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်းမကျလို့ ဆဲချင်သူတွေရှိရင်လည်း ဆဲနိုင်ပါတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သန့်ဇင်ဟာ မနေ့တုန်းက ဒု-ခေါင်ပွဲစဉ်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာပါ။ ပွဲအပြီးမှာ ပရိသတ်တွေ၊ မီဒီယာတွေရဲ့ဝေဖန်မှုကို သန့်ဇင်က ရင်ဆိုင်ခဲ့ရပါတယ်။ ထိုင်းဖိုက်တာ ဂင်ဆန်လက်ခ်နဲ့ ထိုးခဲ့ရတဲ့ သန့်ဇင်ဟာ ပထမပွဲချီမှာတင်ပဲ အလဲထိုးခံလိုက်ရတာဖြစ်ပါတယ်။

ဒါဟာ သန့်ဇင်အတွက် ONE ဖြတ်သန်းခဲ့မှုတလျှောက် ပထမအချီမှာတင် ပထမဆုံးအကြိမ် ရှုံးခဲ့ရတဲ့ပွဲပါပဲ။ ဂင်ဆန်လက်ခ်ဟာ သန့်ဇင်ကို ပထမပွဲချီ ၁ မိနစ်နဲ့ ၁၁ စက္ကန့်(စက္ကန့်အားဖြင့် တွက်မယ်ဆိုရင် ၇၁ စက္ကန့်)မှာ အမှောက်သိပ်လိုက်တာပါ။

သန့်ဇင်ဟာ ပွဲချီတစ်ချီအတွင်း သုံးကြိမ်တိုင် Knockdown ကျသွားတဲ့အတွက် ပြိုင်ပွဲစည်းမျဉ်းအရ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ အခုဆိုရင် သန့်ဇင်ဟာ ၃ ပွဲဆက်တိုက် အရှုံးရလဒ်ကို ရင်ဆိုင်လိုက်ရပါပြီ။

ဂင်ဆန်လက်ခ်ကတော့ သန့်ဇင်ကို ပထမပွဲချီ ၇၁ စက္ကန့်အတွင်းမှာတင် အလဲထိုးပြလိုက်နိုင်လို့ ဘောနပ်စ် ဘတ် ၃ သိန်းခွဲလည်း ရရှိသွားခဲ့ပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့ ဝေဖန်နေကြသူတွေကို သန့်ဇင်က “ကျွန်တော့်ရဲ့အမှားတွေကြောင့် တောင်းပန်စရာစကားလည်း မရှိတော့ပါဘူး။ စိတ်ဓာတ်မကျဖို့ အားပေးတဲ့ ပရိတ်သက်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဆဲချင်သူများလည်း ဆဲနိုင်ပါတယ်”လို့ တောင်းပန်စကားပြောသွားခဲ့ပါတယ်။