BREAKING
October 19, 2025

မြိတ်၊ မင်းသန်းရွာတွင် ကွမ်းခြံလုပ်သားနှစ်ဦးကို စစ်မှုထမ်းခိုင်းရန်ဟုဆိုကာ ဖမ်းဆီး

August 16, 2025

မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာရှိ ကွမ်းခြံတွင် အလုပ်လုပ်နေသည့် လူငယ်အမျိုးသားနှစ်ဦးကို စစ်မှုထမ်းခိုင်းရန်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ဒေသခံများ၊ မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့တွင် မဇောကျေးရွာနှင့် ပသောင်းကျေးရွာက အသက် ၁၈ နှစ်ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး မင်းသန်းကျေးရွာရှိ ကွမ်းခြံတွင်အလုပ်လုပ်နေစဉ် ရွာရှိပျူစောထီးများနှင့် အနီးဝန်းကျင်ရှိ စလွန်းကျေးရွာမှ ရပ်ကျေးစာရေးက လာရောက်ဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့က ဆိုသည်။

အဖမ်းခံရသူနှစ်ဦး၏ မိသားစုများက အဖမ်းခံရသည်ကို သိရသည်နှင့်တပြိုင်နက် စလွန်းကျေးရွာ ရပ်ကျေးစာရေး ဦးဆန်းဝင်းကို သွားရောက်မေးမြန်းစုံစမ်းရာ စစ်မှုထမ်းရန်အတွက် မြိတ်မြို့သို့ ပို့ဆောင်လိုက်သည်ဟု ပြောဆိုကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“သွားတောင်း(တွေ့ခွင့်)တွေ့တာ တွေ့မရပြီ။ မြိတ်ပို့လိုက်ပြီ။ စစ်မှုထမ်းပါပြီလို့ ပြောလိုက်တယ်။ သူတို့ကို လိုက်ခေါ်ပေးလည်း မရပြီ။ ကြီးပြား(ငွေ)နဲ့ လိုက်ထုတ်ပေးလည်း မရပြီလို့ ပြောလိုက်တယ်”ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းအဖမ်းခံရသည့် လူငယ်နှစ်ဦးကို မိသားစုက တွေ့ခွင့်ရရန် ကြိုးစားဆက်သွယ်ခဲ့သော်လည်း ယနေ့အထိ အဆက်အသွယ်မရဘဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မဇောကျေးရွာအုပ်စု ခုံမော်ရွာတွင်လည်း အသက် ၁၈ နှစ်ဝန်းကျင်အရွယ် လူငယ်လေးဦး စစ်မှုထမ်းစာရင်း ပါနေသည်ဟုဆိုကာ အဆိုပါကျေးရွာအုပ်စုရှိ တောတန်းရွာအုပ်ချုပ်ရေးမှူး ဦးအေးသန်းက လာရောက်ပြောဆိုပြီး လူငယ်တစ်ဦးထံမှ ငွေကျပ် ၁၄ သိန်း တောင်းယူသွားကြောင်း ဒေသခံများက ဆိုသည်။

“စာရင်းထဲပါတယ်လို့ပြောတာက သူတို့ အုပ်ချုပ်ရေးမှူးတွေ။ ဘိတ်(မြိတ်)မှာ အစည်းအဝေး သွားတက်ကြပြီး ပြန်အလာမှာ လာပြောတယ်။အိမ်မှာ သူက အဲကြီးပြား(ငွေ) မပေးရင် စစ်မှုထမ်းထဲထည့်မယ်လို့ လာပြောတယ်”ဟု အထက်ပါ ဒေသခံက ဆိုသည်။

အုပ်ချုပ်ရေးမှူးတောင်းသည့် ငွေကျပ် ၁၄ သိန်းကို ဩဂုတ်လ ၁၁ ရက်နေ့တွင် မိသားစုက ပေးလိုက်ရပြီး ကျန်သည့်သုံးဦးကို စစ်မှုထမ်းရန် လိုအပ်ချိန်တွင် ခေါ်ယူမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်က တနင်္သာရီတိုင်းအတွင်းရှိ လူငယ်အများအပြားကို ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းပို့ဆောင်လျက်ရှိသည်။

စစ်အာဏာရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ရုံး ကက(ကြည်း)ကလည်း စစ်မှုထမ်းသစ်ရရှိရေးအတွက် ‘စစ်ဆင်ရေးသဖွယ်’ လုပ်ဆောင်ရန် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အပါအဝင် စစ်တိုင်းများကို ညွှန်ကြားထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။