ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သန့်ဇင် ၃ ပွဲဆက် အရှုံးရလဒ် ကြုံလိုက်ရပြီ၊ ပထမအချီ ၁ မိနစ်နဲ့ ၁၁ စက္ကန့်မှာတင် အလဲထိုးခံရပြီး ရှုံးသွား

August 16, 2025

နေမကောင်းဖြစ်ခဲ့လို့ ပွဲကို တစ်ပတ်နောက်ဆုတ်ပြီးမှ ထိုးခဲ့ရတဲ့ ထိုင်းဖိုက်တာ ဂင်ဆန်လက်ခ် ဟာ မြန်မာဖိုက်တာလေး သန့်ဇင် ကို ပထမပွဲချီမှာတင် အလဲထိုးလိုက်ပါတယ်။

သောကြာနေ့ည(သြဂုတ် ၁၅)က ထိုးခဲ့တဲ့ One ပွဲမှာ သန့်ဇင်ဟာ တစ်ချီအတွင်းမှာ Knockdown ၃ ကြိမ်ကျတဲ့အထိ ဖြစ်သွားတာကြောင့် အရှုံးရလဒ်ကို ကြုံဆုံရင်ဆိုင်လိုက်ရတာပါ။

ဒု-ခေါင်ပွဲစဉ်အဖြစ် ထိုးခဲ့ရတဲ့ ဂင်ဆန်လက်ခ်နဲ့ သန့်ဇင်တို့ဟာ ပွဲစကတည်းက တိုက်စစ်ဖွင့်ပြီး ထိုးခဲ့ကြပါတယ်။ သန့်ဇင်ဟာ ဆူရီယန်လက်ခ်နဲ့ပွဲတုန်းကလည်း ဒီပုံစံ ဒီအတိုင်း ရှုံးခဲ့ရတာပါ။ ဒါပေမဲ့ အဲ့ဒီအမှားကို မပြင်ဆင်ခဲ့ပါဘူး။

Knockdown တစ်ကြိမ်ကျလို့ အမှတ်စဉ်ရေတွက်ခံလိုက်ရချိန်ကတည်းက သတိထားပြီး ထိုးရမှာဖြစ်ပေမယ့် သန့်ဇင်ဟာ ဆူရီယန်လက်ခ်နဲ့ပွဲတုန်းကအတိုင်း အတင်းလိုက် အတင်းထိုးခဲ့ပါတယ်။ အဲ့ဒီမှာတင် ဂင်ဆန်လက်ခ်က သန့်ဇင်ကို Knockdown ထပ်ထိုးလိုက်နိုင်ပြီး နောက်တစ်ကြိမ် အမှတ်စဉ် ထပ်ရေတွက်ခံရအောင် လုပ်လိုက်နိုင်ပါတော့တယ်။

နှစ်ကြိမ်တိုင် အမှတ်စဉ်ရေတွက်ခံလိုက်ရပြီးတဲ့နောက်မှာတော့ သန့်ဇင်က ဖိအားတွေဝင်သွားခဲ့ပြီး အဲ့ဒီလိုဖိအားများသွားတဲ့အချက်ကြောင့်ပဲ ဂင်ဆန်လက်ခ်က တတိယတစ်ကြိမ် Knockdown ထပ်ကျအောင် လွယ်လင့်တကူ ထိုးလိုက်နိုင်တဲ့အခြေအနေဆီ ဆိုက်ရောက်သွားခဲ့ပါတယ်။

ဒါကြောင့်လည်းပဲ ပထမပွဲချီ ၁ မိနစ်နဲ့ ၁၁ စက္ကန့်မှာတင် အလဲထိုးနဲ့ ရှုံးရတဲ့အခြေအနေကို သန့်ဇင် ရင်ဆိုင်ကြုံဆုံလိုက်ရတာပါ။

သန့်ဇင်ဟာ အခုဆိုရင် ONE မှာ ၃ ပွဲဆက်တိုက် အရှုံးရလဒ် ကြုံဆုံသွားရလို့ ပွဲအလှမ်းဝေးတာမျိုးတွေ ဖြစ်လာမှာကို စိုးရိမ်စရာရှိလာပါပြီ။ ဂင်ဆန်လက်ခ်ကတော့ သန့်ဇင်ကို ပထမအချီမှာတင် အလဲထိုးပြလိုက်နိုင်တဲ့အတွက် ဘောနပ်စ် ဘတ် ၃ သိန်းခွဲလည်း ချီးမြှင့်ခံလိုက်ရပါတယ်။