ကော်သူးလေတပ်မတော် -KTLA နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ကြား တင်းမာမှုတွင် ပြည်သူ့ကာကွယ် ရေးတပ်-PDF တပ်ရင်း၊ တပ်ဖွဲ့နှင့် ပကဖအဖွဲ့များ ဝင်မပါကြရန် ထားဝယ်ခရိုင်အခြေစိုက် KTLA ဆာကဆောတပ်မက ထုတ်ပြန်သည်။
KTLA ကို KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က လာရောက်တိုက်ခိုက်မည် ဆိုသည့် သတင်းများထွက်ပေါ်နေပြီး KTLA ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အခြေစိုက် ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မ တပ်ရင်း (၃) မှ ဒုတပ်ရင်းမှူး စောဒါးကေ က လူမှုကွန်ရက်တွင် ဇူလိုင်လ ၁၄ရက်က ထုတ်ဖော်ပြောဆိုသည်။
ကရင်လက်နက်ကိုင် အချင်းချင်းပဋိပက္ခတွင် ပြည်သူ့ကာကွယ်ရေးတပ်-PDF တပ်ရင်းတပ်ဖွဲ့များ ဝင်မပါကြရန် ၎င်းက ဆိုသည်။
“ကျွန်တော်တို့နေတဲ့ နေရာကို သူတို့လာတိုက်ဖို့က သေချာတယ်။ PDF တွေ၊ ပကဖတွေ၊ Local တွေ မလိုက်လာပါနဲ့။ ပူးပေါင်းပြီး မတက်လာပါနဲ့ တကယ်လို့တက်လိုက်လာခဲ့သည်ရှိသော် PDF တွေပါလာခဲ့သည်ရှိသော် ကျွန်တော်တို့ ပစ်လိုက်လို့ တစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်ဖြစ်ဖြစ်သေသွားသည်ရှိသော် ကျွန်တော်တို့ကို အပြစ်မဆိုပါနဲ့” ဟု ဒုတပ်ရင်းမှူး စောဒါးကိုက လူမှုကွန်ရက်တွင် ရုပ်သံဖိုင်ဖြင့် ပြောဆိုထားသည်။
ဇူလိုင်လ ၁၂ ရက်တွင် KNU တပ်မဟာ (၆) က ဥကရစ်ထစခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေသည့် ရှေ့တန်းရဲဘော်များ အတွက် ထမင်းချက်ပေးနေသည့် KNLA ထောက်ပို့အဖွဲ့ကို အရက်သေစာသောက်စားထားသည့် KTLA တပ်ဖွဲ့ဝင် လေးဦးက နှောင့်ယှက်ကာ စားစရာအချို့ကိုယူဆောင်ခဲ့သဖြင့် အဆိုပါလေးဦးကို KNLA တပ်ရင်း (၂၀၁) က ဖမ်းဆီးထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံက သိရသည်။
အဆိုပါ လေးဦးကို လာထုတ်သည့် နောက်ထပ် KTLA တပ်ဖွဲ့ဝင် တစ်ဆယ်ကျော်ကိုလည်း KNLA တပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့သဖြင့် စုစုပေါင်း ၂၀ ကျော် ဖမ်းဆီးခံထားရကြောင်း တပ်မဟာ(၆)မှ စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
KTLA ဗဟိုဌာနချုပ်တပ်မက တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများကို KNU က ထိန်းသိမ်းသွားပြီး တပ်ဖွဲ့ဝင်များ၏ မိသားစုများကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း အထက်ပါ ဖမ်းဆီးခံရသည့် ဖြစ်စဉ်အပေါ် KTLA ဆာကဆော တပ်မကလည်း ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
ကရင်လက်နက်ကိုင်ပဋိပက္ခကြား PDF တပ်ရင်းတပ်ဖွဲ့များနှင့် ပကဖအဖွဲ့များ မပါဝင်ကြရန် KTLA ဆာကဆောတပ်မက ထုတ်ပြန်ထားပြီး အထက်ပါဖမ်းဆီးသည့်လုပ်ရပ်သည် စစ်ကောင်စီ၏လုပ်ရပ်နှင့်တူသဖြင့် လက်မခံကြောင်းလည်း ဆိုသည်။
အထက်ပါ ထုတ်ပြန်ပြောဆိုချက်များနှင့် ပတ်သက်ပြီး ဒုတပ်ရင်းမှူး စောဒါးကိုနှင့် သတင်းပြန်ကြားရေးဌာနကို Dawei Watch က ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရသေးပေ။
KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကမူ ဇွန်လ ၁၀ ရက်က ဗောဓိစခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ချိန်တွင် KTLA ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိပြီး KNU/KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင် လေးဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း ပြောသည်။
စစ်ကောင်စီတပ် ကင်းစင်သွားသည့် နယ်မြေတွင် KNU အဖွဲ့အစည်းအကြောင်း KTLA က အမျိုးမျိုးပြောဆိုကာ သွေးခွဲ ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ သဘောထား ကြေညာချက်များ ထုတ်ပြန်ခြင်းများကို လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
“ဒီလုပ်ရပ်တွေက တော်လှန်ရေးအဖွဲ့အစည်းရဲ့ လုပ်ရပ်မဟုတ်ဘူး။ တော်လှန်ရေးအဖွဲ့တကယ်ဖြစ်မယ်ဆိုရင် ဒီသဘောထား မရှိသင့်ဘူး။ KNU က စကစ စခန်းတွေသိမ်းကုန်ပြီ၊ စကစ စခန်းတွေမရှိတော့ဘူး။ အဲဒီလိုဆိုသူတို့က သဘောထား ပြောင်းရမှာပေါ့” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။
KNLA နှင့် PDF ပူးပေါင်းတပ်များ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်နေသဖြင့် KTLA အနေနှင့် သဘောထား ပြောင်းလဲပြီး ပူးပေါင်းလာရန် မျှော်လင့်သော်လည်း မျှော်လင့်သလိုဖြစ်မလာခဲ့ကြောင်း ၎င်းက ဆိုသည်။
KNU တပ်မဟာ (၆) တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးစောမှူးဂေကလည်း KTLA အနေဖြင့် KNU နှင့် ပူးပေါင်းစေလိုပြီး ယင်းသို့မဟုတ်ဘဲ မပူးပေါင်းသည့်အပြင် နှောင့်ယှက်မှုများ ဆက်လက်လုပ်ဆောင်နေလျှင် စစ်ကောင်စီကဲ့သို့ မှတ်ယူကာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
