ဗြိတိန်နိုင်ငံ ၊ လန်ဒန်မြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် လေလံတင်ပွဲတစ်ခု၌ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဓီ၏ ပုံတူရေးဆွဲထားသည့် ရှားပါးဆီဆေးပန်းချီကားသည် စတာလင်ပေါင် ၁၅၂,၈၀၀ (ဒေါ်လာ ၂၀၄,၆၄၈) ဖြင့် ရောင်းထွက်ခဲ့သည်။
အဆိုပါ ပန်းချီကားကို စတာလင်ပေါင် ၅၀,၀၀၀ မှ ၇၀,၀၀၀ အကြား ဈေးနှုန်းဖြင့် ရောင်းထွက်မည်ဟု Bonhams လေလံကုမ္ပဏီက ခန့်မှန်းထားသော်လည်း ယင်းပမာဏထက် များစွာပိုမြင့်သည့် ဈေးနှုန်းဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။
Bonhams လေလံကုမ္ပဏီ၏ အဆိုအရ ယင်းပန်းချီကားသည် မဟတ္တမဂန္ဓီကိုယ်တိုင် ထိုင်ကာ အရေးဆွဲခံခဲ့သည့် တစ်ခုတည်းသော ပုံတူဆီဆေးပန်းချီကားအဖြစ် ယူဆခံရသည်။
၁၉၃၁ ခုနှစ်တွင် အိန္ဒိယအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခု တက်ရောက်ရန် လန်ဒန်မြို့သို့ ဂန္ဓီ သွားရောက်ခဲ့စဉ် ဗြိတိသျှပန်းချီဆရာမ Clare Leighton က ဂန္ဓီအား ကြည့်ကာ ရေးဆွဲခဲ့သည့် ပန်းချီကား ဖြစ်သည်။
ဗြိတိသျှပန်းချီဆရာမ Clare Leighton သည် ဂန္ဓီ၏ ရုံးခန်းအတွင်းသို့ ဝင်ရောက်ခွင့်ရရှိကာ ဂန္ဓီ၏ ပုံတူကို ရေးဆွဲရန် ရှားရှားပါးပါး အခွင့်အရေးရရှိခဲ့သူ ဖြစ်သည်။
အဆိုပါ ပန်းချီကားကို ရေးဆွဲသူ ၁၉၈၉ ခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ကွယ်လွန်ချိန်အထိ ၎င်းကိုယ်တိုင် ထိန်းသိမ်းထားခဲ့သည်။
ပန်းချီဆရာမ Clare Leighton ကွယ်လွန်ပြီးနောက်တွင် အဆိုပါ ပန်းချီကားကို ၎င်း၏ မိသားစုက ဆက်လက်ထိန်းသိမ်းခဲ့သည်။
မဟတ္တမဂန္ဓီသည် အိန္ဒိယနိုင်ငံတွင် ဗြိတိသျှအုပ်ချုပ်မှုကို ဆန့်ကျင်တွန်းလှန်သည့် အကြမ်းမဖက်လူထုလှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ဂန္ဓီ၏ လမ်းညွှန်တိုက်တွန်းမှုများက အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာကို နိုးကြားစေခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
အိန္ဒိယနိုင်ငံသားအများစုက ဂန္ဓီအား နိုင်ငံ၏ ဖခင်အဖြစ် ကြည်ညိုလေးမြတ်ကြောင်းလည်း ဖော်ပြထားသည်။
အင်္ဂါနေ့က လေလံတင်ပွဲတွင် အဆိုပါ ပန်းချီကားကို မည်သူ ဝယ်သူခဲ့သနည်းဆိုသည်ကို Bonhams လေလံကုမ္ပဏီဘက်က ထုတ်ပြန်ခြင်း မရှိပေ။
အဆိုပါ ပန်းချီကားကို အများပြည်သူ ကြည့်ရှုခွင့်ပေးမပေး ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။
Source: BBC







