BREAKING
October 19, 2025

ဘုတ်ပြင်း ကံမော်ကြီးရွာတွင် ဆိုလာဝယ်မည့်ငွေ မီးလင်းရေးကော်မတီဝင် သုံးပြီး ဒေသခံများကို ပြန်ထည့်ခိုင်း

July 16, 2025

ပုံစာ - ကံမော်ကြီးရွာ။

ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာတွင် ပျက်စီးသွားသည့် ဆိုလာပြားများပြန်ဝယ်ရန် ဒေသခံများထည့်ဝင်ထားသည့် ငွေကြေး ကို လျှပ်စစ်မီးကော်မတီဝင်တစ်ဦးက ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲလိုက်ပြီး ဒေသခံများထံမှ ငွေကြေးထပ်မံ ကောက်ယူ နေကြောင်း ကျေးရွာနေပြည်သူအချို့က ပြောသည်။

ကံမော်ကြီးရွာရှိ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရန်အတွက် ဆိုလာပြားများကို ယမန်နှစ် နှစ်ဆန်းပိုင်းက တပ်ဆင်ထားကြောင်း ၎င်းတို့က ဆိုသည်။

ဆိုလာပြားများအနက် ဆိုလာ ငါးပြားကို ကျေးရွာနေလူငယ်တစ်ဦးက ပြီးခဲ့သည့်နှစ်လခန့်က ဖျက်ဆီးခဲ့ကြောင်း ဒေသခံ အချို့က ပြောဆိုသည်။

ဖျက်ဆီးခဲ့သည့်လူငယ်အမျိုးသားက ဆိုလာ နှစ်ပြားပြန်လျော်ပေးပြီး ကျန် သုံးပြားကိုဝယ်ယူရန် ကျေးရွာရှိ နေအိမ် တစ်ဆောင်လျှင် ငွေကျပ်တစ်သောင်းခွဲစီ ပြီးခဲ့သည့် တစ်လခန့်က ကောက်ယူထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ကောက်ယူထားသည့် ငွေကျပ် ၁၀ သိန်းအနက် ကျပ်သုံးသိန်းကို ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးသိန်းဝင်းက ကိုယ်ရေးကိုယ်တာကိစ္စအတွက် သုံးစွဲလိုက်သည်ဟု ကာယကံရှင်ကိုယ်တိုင် ပြောဆိုကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

“သူ့မှာကြေးပြား (ငွေ) မရှိလို့ စားဖို့မရှိလို့ သုံးလိုက်တယ်လို့ပြောတယ်။ (ကျပ်) သုံးသိန်းသုံးလိုက်တယ်။ ရွာသားတွေက အဲဒီပိုက်ဆံကို ပြန်ထည့်ပေးရမယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲလိုက်သည့်ငွေကို ဒေသခံများက ပြန်ထည့်ပေးရမည်ဟု ဇူလိုင်လ ၁၃ ရက်တွင် မီးလင်းရေးကော်မတီက ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး ပြောဆိုခဲ့ကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးသိန်းဝင်းအား Dawei Watch က အဆက်အသွယ် မရသေးသလို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ် မရသေးပေ။

ကံမော်ကြီးရွာတွင် အိမ်ခြေ ၂၅၀ ခန့်ရှိပြီး လက်ရှိတွင် အိမ်ခြေ ၁၅၀ ခန့် လျှပ်စစ်မီးသုံးစွဲခွင့် ရရှိနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။