BREAKING
October 19, 2025

ငါးချဉ်တင်ပို့ရလေ့ရှိသည့် တကူရွာတွင် ရေချိုငါးရှားသဖြင့် မြိတ်က ရေငန်ငါးကို အားထားနေရ

July 16, 2025

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုတွင် ရေချိုငါးရှားပါးလာသဖြင့် မြိတ်မြို့က မှာယူသည့် ရေငန်ငါးများကို အဓိက အားထား စားသောက်နေရကြောင်း ကုန်စိမ်းရောင်းသူများနှင့် ဒေသခံအချို့ ထံမှ သိရသည်။

ပြီးခဲ့သည့် ၂နှစ်ခန့်မှစကာ တနင်္သာရီအပေါ်ဘက်နှင့် တနင်္သာရီမြစ်အတွင်းသို့ စီးဝင်သည့်ချောင်းများတွင် ခဲလုပ်ကွက်များလာပြီး စက်ယန္တရားများဖြင့် ရေအောက်ရှိ မြေသားကို တူးဖော်ခြင်းနှင့် ခဲလုပ်ကွက်မှ စီးဆင်းလာသည့် နုန်းအနည်ပါသည့် ရေကြောင့် မြစ်တိမ်ကောလာကြောင်း ဒေသခံငါးဖမ်းသမားများက ပြောသည်။

ထို့အပြင် မြစ်အတွင်း အဆိပ်ချပြီး ငါးဖမ်းဆီးခြင်းများကြောင့် ရေချိုငါး ရှားပါးလာကြောင်း ငါးဖမ်သမားတစ်ဦးက ဆိုသည်။

“မြစ်ရေတိမ်လာပြီးနောက် ငါးတွေ ပိုက်ထောင်လို့ သိပ်မရဘူး။ ငါးရှာရတဲ့ လုပ်ကွက်လည်း ကျဉ်းလာတယ်။ အခုဆို ချောင်းရေတွေလည်း များလာတော့ တစ်ရက်တလေရက်ဆို တစ်ကောင်တောင် မမိတဲ့ အခါမျိုးရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

တနင်္သာရီမြစ်အတွင်း ငါးခုံးမ၊ ငါးဖမ်းမ၊ ငါးနီ စသည့် ရေချိုငါးမျိုးစိတ်များရှိသည်။

တကူကျေးရွာအုပ်စုနှင့် အနီးအနားရှိ ကျေးရွာများတွင် ရေချိုးငါးဖမ်းဆီးရမိမှုသည် ဒေသတွင်း စားသောက်မှုဖူလုံပြီး ပိုလျှံပါက ငါးချဉ်လုပ်ကာ မြိတ်၊ တနင်္သာရီမြို့၊ မောတောင်မြို့သို့ တင်ပို့ရောင်းချကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လက်ရှိတွင် တကူကျေးရွာအုပ်စုရှိ ရေချိုငါးရှာပါးလာသည့်အတွက် ရေငန်ငါးကို ဝယ်စားနေပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲနှင့် စစ်ကောင်စီ၏ ပိတ်ပင်ကန့်သတ်မှုများကြောင့် ရေငန်ငါးလည်း တစ်ခါတစ်ရံ ပြတ်လပ်သွားလေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ငါးနှစ်ခန့်က တကူရွာရှိ စျေးတွင် ရေချိုငါးရောင်းသူ ၁၀ ဦးထက်မနည်းရှိသော်လည်း လက်ရှိတွင် နှစ်ဦးခန့်သာ ရှိတော့ကြောင်း ၎င်းက ဆိုသည်။

“အရင်နှစ်တွေကဆို ရေချိုငါးဆို စျေးထဲရောင်းသမားများတယ်။ အခုကနည်းလာပြီး ငါးတွေလည်း သိပ်မရှိတော့ ရေချိုငါး စားချင်ရင် စျေးထဲအစောကြီး သွားပြီးဝယ်ရတယ်” ဟု အသက်၅၃နှစ်အရွယ် တကူရွာနေဒေသခံတစ်ဦးက ပြောသည်။

တကူကျေးရွာအုပ်စုတွင် ရေငန်ငါးဖြစ်သည့် ပလာတူးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးမဲလုံး တစ်ပိဿာလျှင် ၁၅၀၀၀ကျပ် ဖြင့် ဝယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။