ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆီးရီးယားအစိုးရတပ်များကို အစ္စရေး ဗုံးကြဲ

July 16, 2025

ပုံစာ - ဒရုဇ်လူနည်းစုအများစုနေထိုင်ရာ ဆူဝေဒါမြို့တွင်းရှိ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များကို အင်္ဂါနေ့က တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Karam al-Masri

ဆီးရီးယားနိုင်ငံ ဆူဝေဒါမြို့အနီးအနားရှိ ဆီးရီးယားအစိုးရတပ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဘက်က ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်သည်။

ဆီးရီးယားနိုင်ငံရှိ ဘာသာရေးအရ ကွဲပြားသည့် လူနည်းစု အုပ်စုများအကြား လူသေဆုံးသည်အထိ နှစ်ရက်ကြာ တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ပြီးနောက် ဒရုဇ်လူနည်းစု အများစုနေထိုင်ရာ ဆူဝေဒါမြို့တွင်းသို့ ဆီးရီးယားအစိုးရတပ်များ ဝင်ရောက်လာခဲ့သည့်နောက်တွင် အစ္စရေးဘက်က ယင်းသို့ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။

ဆူဝေဒါဒေသရှိ ဆီးရီးယားအစိုးရတပ်များနှင့် ၎င်းတို့၏ လက်နက်များကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုက ပြောဆိုသည်။

ဒရုဇ်လူနည်းစုများကို တိုက်ခိုက်ရန် အဆိုပါ တပ်ဖွဲ့များနှင့် လက်နက်များကို ဆီးရီးယားအစိုးရက အသုံးပြုရန် ရည်ရွယ်ထားသောကြောင့် ယင်းသို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း နေတန်ညာဟုက ပြောသည်။

ဆီးရီးယားရှိ ဒရုဇ်လူနည်းစုများကို အန္တရာယ်မကျရောက်စေရန် ကာကွယ်ပေးလိုကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောဆိုသည်။

ဒရုဇ်လူနည်းစုများသည် အစ္စရေးနိုင်ငံတွင်းနှင့် အစ္စရေးသိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်တွင် နေထိုင်သည့် ဒရုဇ်လူမျိုးများနှင့် နက်ရှိုင်းသည့် ဆက်နွယ်မှုရှိသည့်အတွက် ယင်းသို့ ကာကွယ်ပေးလိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အစ္စရေး၏ ကြားဝင်စွက်ဖက်မှုကို ဆီးရီးယားဘက်က ရှုတ်ချခဲ့ပြီး တိုက်ခိုက်မှုများနှင့် ၎င်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်များအတွက် အစ္စရေးတွင် အပြည့်အဝ တာဝန်ရှိကြောင်း တုံ့ပြန်ခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အစိုးရတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ သေဆုံးခဲ့ကြောင်း ဆီးရီးယားအစိုးရက ပြောသည်။

တနင်္ဂနွေနေ့ (ဇူလိုင် ၁၃ရက်) တွင် ဒရုဇ်လူနည်းစုလက်နက်ကိုင်များနှင့် ဘက်ဒူအင်လူနည်းစုများအကြား တိုက်ခိုက်မှုများ စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် အနည်းဆုံး လူပေါင်း ၂၀၀ ဝန်းကျင် သေဆုံးခဲ့သည်။

ဒရုဇ်လူနည်းစုများအပါအဝင် ဆီးရီးယားရှိ လူနည်းစုအုပ်စုတော်တော်များများသည် လက်ရှိကြားကာလ ဆီးရီးယားသမ္မတ အာမက်ရှာရာ၏ အစိုးရအပေါ် ယုံကြည်မှု မရှိကြောင်း သိရသည်။

သို့သော် အာမက်ရှာရာ၏ အစိုးရက ၎င်းတို့အား ကာကွယ်ပေးသွားမည်ဟု ကတိပြုထားသည်။

ဆီးရီးယားရှိ ဒရုဇ်လူနည်းစုများသည် ရှိအာအစ္စလာမ်မှ ဆင်းသက်လာသည့် ဘာသာရေးကို ကိုးကွယ်ကြပြီး ကိုယ်ပိုင်သီးခြား လက္ခဏာများကို ပိုင်ဆိုင်ထားကြသည်။

လက်ရှိအချိန်အထိ ဆူဝေဒါပြည်နယ် အများစုကို ဒရုဇ်လူနည်းစုဝင်လက်နက်ကိုင်များက ထိန်းချုပ်ထားဆဲ ဖြစ်သည်။

ဒရုဇ်လူနည်းစုဝင် လက်နက်ကိုင်များသည် ဆီးရီးယားအစိုးရတပ်တွင် ပူးပေါင်းပါဝင်ရန် ငြင်းဆန်လျက် ရှိသည်။

Source: BBC