BREAKING
October 20, 2025

တနင်္သာရီ သိန်ခွန်းရွာတွင် စစ်ကောင်စီ စစ်ကြောင်းထိုးသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်

July 16, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့ နယ် သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာသဖြင့် တော်လှန်ရေးတပ်များနှင့် အပြန်လှန်ပစ်ခတ်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

ဇူလိုင်လ ၁၃ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်က သိန်ခွန်းရွာကို ဒရုန်ဖြင့်ဗုံးချပြီး စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်များနှင့် တစ်နာရီခန့်အကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဒရုန်းတွေ အရင်တက်လာပြီး ဗုံးသီးချတယ်။ ပြီးမှ စစ်ကြောင်းထိုးလာတယ်။ လက်နက်ကြီးလှမ်းပစ်လိုက် ဒရုန်းလည်း ချလိုက်နဲ့ တက်လာကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်များက အနီးကပ်ရောက်မှ ပြန်လည်ပစ်ခတ်ကြသဖြင့် စစ်ကောင်စီတပ်သားများ အထိနာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောဆိုသည်။

“ဒီဘက်ကလည်း သူတို့ အနီးကပ်ရောက်မှ ချလွှတ်လိုက်တယ်။ သူတို့ (စကစ) ဘက်က အထိနာတော့ ပြန်ဆုတ် သွားကြတယ်။ အရှေ့ရက်ကလည်း သူတို့မိုင်းနဲ့ သူထိပြီး ဒဏ်ရာရကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးတပ်ဘက်က အထိအခိုက်မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးမှုရှိသည့်ဆိုသည့်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇူလိုင်လ ၁၂ရက်တွင် သိန်ခွန်းရွာရှိ စစ်ကောင်စီတပ်သားများ ၎င်းတို့ထောင်ထားသည့် မြေမြှုပ်မိုင်းကို ပြန်နင်းမိသဖြင့် ဒဏ်ရာရပြီး တနင်္သာရီမြို့ဘက်သို့ ကားဖြင့်တင်ဆောင်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။