BREAKING
June 16, 2025

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် အမျိုးသမီးတစ်ဦးထပ်မံသေဆုံး

June 16, 2025

ထားဝယ်တွင် အမျိုးသမီးတစ်ဦး သွေးလွန်တုပ်ကွေးဖြစ်ပြီး ယမန်နေ့(ဇွန်လ ၁၅)က ထပ်မံသေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ ထားဝယ်မြို့ အညာဖျားကျေးရွာအုပ်စု ဓားသွေးကျောက်ရွာ‌တွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရသည်။

ယင်းအမျိုးသမီးမှာ ဖျားသဖြင့် ဇွန်လပထမပတ်အတွင်း ထားဝယ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရာမှ ဇွန်လ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် သွေးလွန်တုပ်ကွေးဖြင့် သေဆုံးသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။

“စဖျားကတည်းက ၆ ရက် လောက်ရှိတာ ပေါ့နော်၊သူမှာက ငှက်ဖျားရော၊သွေးလွန်တုပ်ကွေးရော ရောဂါနှစ်ခုစလုံး ဖြစ်သွားတယ်”ဟု ၎င်းကပြောသည်။

ထားဝယ်ခရိုင်အတွင်း မိုးရာသီစတင်သည့် ယခုနှစ် မေလမှစ၍ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဇွန်လ ၁၆ ရက်နေ့အထိ သေဆုံးသူ ၆ ဦးအထိ ရှိလာပြီဖြစ်သည်။

ယင်းအပြင်ထားဝယ်ပြည်သူဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင်လည်း သွေးလွန်တုန်ကွေးကြောင့် သက်ကြီးပိုင်း လူနာအမြောက်အများ ဆေးကုသမှုခံယူနေရသည်ကို တွေရှိခဲ့ရကြောင်း ဇွန်လ ဒုတိယပတ်အတွင် မက်ဒီလန်းဆေးရုံ၌ သွေးလွန်တုပ်ကွေးနှင့် အခြားရောဂါကို တက်ရောက်ကုသခံယူခဲ့သည့် လူနာ၏မိသားစုဝင်တစ်ဦးကပြောသည်။

” အသက် ၆၀၊ ၇၀ တွေလည်း သွေးလွန်တုပ်ကွေးဖြစ်ကြတာတွေ့ရတယ်။ ကျွန်မ လူနာဆိုရင် အသက် ၄၀ လောက်ရှိတယ်။ ဆီးချိုရော သွေးလွန်တုပ်ကွေးပါဖြစ်တာ သွေးတော့ရှာရတယ်။ ဒါပေမဲ့ သွေးမသွင်းလိုက်ရဘူး”ဟု ၎င်းကပြောသည်။

ထားဝယ်ခရိုင်တွင် ဇွန်လ ဒုတိယပတ်ကစပြီး နေ့စဉ်ရက်ဆက် မိုးရွာသွန်းခြင်းများရှိလာခြင်းကြောင့် အအေးမိကာ ဖျားနာသူ များလျက်ရှိပြီး မြို့ပေါ်ရှိ ပြည်သူဆေးရုံ၊ပုဂ္ဂလိက ဆေးရုံးဆေးခန်းများတွင် လည်း ဖျားနာသည်လူနာများ နေ့စဉ် အမြောက်အများတွေ့ရှိလာရကြောင်း မြို့ခံများကပြောသည်။

ယင်းအခြေအနေတွင် စစ်ကောင်စီသည် ဇွန်လ ၁၁ ရက်နေ့မှစ၍ ထားဝယ်မြို့ပေါ်ရှိ ဆာဒိုဝါး အပါအဝင် ပုဂ္ဂလိကဆေးရုံနှစ်ရုံကို ရုတ်တရက် ဆေးကုသခွင့် ယာယီပိတ်လိုက်သည့်အတွက် လူနာများ ဆေးရုံတစ်ရုံမှ တစ်ရုံသို့ ရွှေ့ပြောင်းသယ်ယူရခြင်းကြောင့် အခက်အခဲများစွာ ဖြစ်ခဲ့ရကြောင်း မြို့ခံများထံမှသိရသည်။