BREAKING
June 16, 2025

တနင်္သာရီတွင် ဥယျာဉ်ခြံများကို စစ်ကောင်စီတပ်က သိမ်းထားပြီး ခြံထွက်သီးနှံများကို ပြန်ရောင်းနေ

June 16, 2025

ပုံစာ - တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းပေါ်တွင် ကားများကိုစစ်ဆေးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြည်သူများစိုက်ပျိုးထားသည့် ဥယျာဉ်ခြံများကို စစ်ကောင်စီတပ်သားများက အဓမ္မဝင်ရောက်နေထိုင်ပြီး သီးနှံများခူးဆွတ်ကာ ပြန်ရောင်းစားနေကြကြောင်း ဒေသခံအချို့နှင့်တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ညောင်ပင်ကုန်းရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ စသည့်ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက မေလမှစကာ ဥယျာဉ်ခြံများရှိ ဒူးရင်းသီး၊ကြက်မောက်သီးနှင့် အခြားသီးနှံများကို အဓမ္မခူးဆွတ်ကာ ၎င်းတို့၏ မိသားစုများရှိရာ မြိတ်မြို့နယ် တုံးဗျောရွာရှိ တပ်စခန်းသို့ ပြန်ပို့နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့(စကစ)က ခြံတွေထဲမှာရှိတဲ့ အသီး အကုန်ကောက်(ခူး)တယ်။ကွမ်းသီးရှိရင် ကွမ်းသီးလည်း ကောက်တယ်။ ကိုယ်ခြံထဲ ကိုယ်သွားကောက်(ခူး)ရင်လည်း သေနတ်နဲ့ထပစ်ကြတော့ သွားကောက်လို့မရဘူး”ဟု အထက်ပါဒေသခံက ပြောသည်။

အဆိုပါသီးနှံများကို စစ်ကောင်စီတပ်မိသားစုများရှိရာ တုံးဗျောရွာရှိတပ်စခန်းကို ကားကြုံဖြင့် တင်ပေးပြီး မိသားစုများက တုံးဗျောရွာနေ ပြည်သူများကို ပြန်လည်ရောင်းချနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လမ်းမမှာဂိတ်ချပြီး ကားစစ်နေတော့ သီးနှံအိတ်တွေတင်လာတွေ တွေ့ရတယ်။ သယ်လာပေးတဲ့ ကားတွေကလည်း သူတို့မသယ်လာပေးရင် ပစ်သတ်မှာစိုးလို့ သယ်လာပေးရလို့ပြောတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ညောင်ပင်ကုန်းရွာနှင့် အနီးအနားရွာများရှိ ဒေသခံနေအိမ်များမှ ခိုးယူလာသည့် ကတ္တား(အလေးချိန်စက်)၊ မီးဖိုချောင်သုံးအိုးခွက်ပန်းကန် နှင့်အခြားပစ္စည်းများကိုလည်း တပ်စခန်းသို့ ကားကြုံဖြင့် ပို့ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

စစ်ကောင်စီတပ်သားများမှာ ညောင်ပင်ကုန်းရွာ ဘုရားတောင်တွင် အထိုင်ချထားပြီး ဆက်သွယ်ရေးမြောင်းများတူးကာ လိုအပ်သည့်အမိုးအကာအတွက် လူနေအိမ်များမှ သွပ်နှင့်သစ်များခွာယူပြီး ကာထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။