ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်များ ဇွန်လ ၁၅ ရက် နံနက်အစောပိုင်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံ မှသိရသည်။
ပယရွာ ရွာလယ်ရှိ ရွှေမိုးညိုစေတီ ပတ်ဝန်းကျင်တွင် ဂိတ်ဖွင့်ကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်များက သွားရောက်တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်များက ဆိုသည်။
“ဂိတ်ကို သွားတိုက်ခိုက်ခဲ့တာပါ။ သူတို့(စစ်ကောင်စီ) ဘက်က အနည်းဆုံး သုံးယောက်လောက် ထိခိုက်သေဆုံးမှုရှိတယ်။ ဖြစ်စဥ်အသေးစိတ်ကို ထုတ်ပြန်ဖို့ရှိပါတယ်” ဟု တိုက်ပွဲ တွင်ပါဝင်သည့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ပယရွာဘက်သို့ စစ်ကား ခြောက်စီးခန့်ဖြင့် အင်အားဖြည့်တင်းထားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ပယရွာဝန်းကျင်တွင် မိုင်တဲအော်ပရေတာမှအပ ကျန်အော်ပရေတာများ အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ဆက်သွယ်မရဘဲ ဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။
“မနေ့က မနက် ၉ နာရီခွဲလောက် ကားကြီး လူအပြည့် လေးစီး၊ ကားငယ် နှစ်စီးနဲ့ စစ်သားတွေ ပယရွာ ကျွဲစားကုန်း (နေရာ) ကနေ စစ်ကြောင်းထွက်သွားတယ်။ အခု ဒီနေ့လည်း လက်နက်ကြီး ပစ်နေသေးတယ်” ဟု စစ်ကားများ ပယရွာဘက်သို့ ဆင်းသွားသည်ကို မျက်မြင်တွေ့ရသည့် ကံပေါက်ဒေသခံတစ်ဦးကပြောသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေ နှင့် စစ်ကောင်စီ စစ်ကြောင်းထိုးနေမှုအခြေအနေကို မူ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် မေးမြန်းခွင့်မရသေးပေ။
ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း ပယရွာရှိ ရှားကုန်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။