အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အခြေစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဂိဟ်မြို့လယ်တွင် တနင်္ဂနွေနေ့က သိန်းနှင့်ချီသည့် ဆန္ဒပြသူများက အနီရောင်အင်္ကျီများ ဝတ်ဆင်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။
ဂါဇာတွင် အစ္စရေး၏ ဖိနှိပ်သတ်ဖြတ်မှုများကို ဆန့်ကျင်ကြောင်း ပြသရန်၊ အစ္စရေးနှင့် ပတ်သက်၍ နယ်သာလန်အစိုးရက ပိုတင်းမာပြတ်သားစွာ အရေးယူဆောင်ရွက်မှုရှိရေး တောင်းဆိုရန် ယင်းသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဂါဇာတွင် စစ်ဆင်ရေးလုပ်ဆောင်နေသည့် အစ္စရေးအနေဖြင့် မျဉ်းနီကို မကျော်ရန် လုပ်ဆောင်ဖို့ နယ်သာလန်အစိုးရ၏ ပျက်ကွက်မှုကို သင်္ကေတပြုရန် အနီရောင်အင်္ကျီဖြင့် ယင်းသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
“Red Line” ဆန္ဒပြပွဲဟု အမည်တပ်ထားသည့် တနင်္ဂနွေနေ့က ဆန္ဒပြပွဲသည် မေလတုန်းက အလားတူ ဆန္ဒပြပွဲထက် ပါဝင်ပူးပေါင်းသူဦးရေ ပိုမိုများပြားကြောင်း သိရသည်။
တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက သည်ဟိဂ်မြို့လယ်ခေါင်တွင် ၃ မိုင်နီးပါး လမ်းလျှောက် ချီတက်ခဲ့ကြသည်။
“ဂါဇာမှာ ဖြစ်နေတဲ့ အင်မတန်ဆိုးရွားတဲ့ ရာဇဝတ်မှုတွေထဲမှာ ကျွန်မ ပါဝင်ပတ်သက်နေတာမျိုး မလိုချင်ဘူး။ အဲဒါကို ကျွန်မ ကန့်ကွက်ထုတ်ဖော်ပြောဆိုချင်တယ်” ဟု ဆန္ဒပြသူတစ်ဦးက The Associated Press သတင်းဌာနကို ပြောကြားခဲ့သည်။











အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစည်း (Amnesty Internation) ၊ Save The Children ၊ Doctors without borders အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အကူအညီပေးရေး အဖွဲ့အစည်းများက အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့ကြသည်။
ဆန္ဒပြပွဲသို့ လာရောက်ပူးပေါင်းပါဝင်ကြသူဦးရေ ၁၅၀,၀၀၀ ကျော် ရှိမည်ဟု အဆိုပါ အဖွဲ့အစည်းများက ခန့်မှန်းသည်။
ဒေသတွင်းမီဒီယာများက ဆန္ဒပြသူဦးရေ ၁၀၀,၀၀၀ နီးပါးရှိမည်ဟု ခန့်မှန်းသည်။
အဆိုပါ ဆန္ဒပြပွဲမှတစ်ဆင့် နယ်သာလန်အစိုးရထံ ရှင်းလင်းပြတ်သားသည့် သတင်းစကားတစ်ခု ပေးပို့လိုက်သည်ဟု ဆန္ဒပြပွဲစီစဉ်သူတစ်ဦးက ဆိုသည်။
အစ္စရေးအစိုးရအပေါ် ဖိအားတိုးမြှင့်ကျရောက်လာစေရေးအတွက် နယ်သာလန်အစိုးရအနေဖြင့် ပြည်တွင်းမှာရော ၊ နိုင်ငံတကာမျက်နှာစာမှာပါ ယခုချက်ချင်း အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သူမက ပြောသည်။
နယ်သာလန်နှင့် အိမ်နီးချင်းနိုင်ငံ ဘယ်လ်ဂျီယမ်တွင်လည်း တနင်္ဂနွေနေ့၌ လူပေါင်း ၇၅,၀၀၀ ဝန်းကျင်က မြို့တော်ဘရပ်ဆဲလ်တွင် အင်္ကျီအနီများ ဝတ်ဆင်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။
ဂါဇာတွင် အစ္စရေး၏ လုပ်ရပ်များကို အာရုံစိုက်မှုရလာစေရန် လူထုဆန္ဒပြပွဲများကို ဘယ်လ်ဂျီယမ်တွင် ယခင်ကလည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာ လက်ရှိအချိန်အထိ ဘယ်လ်ဂျီယမ်တွင် ဂါဇာအရေး အကြီးမားဆုံး လူထုဆန္ဒပြပွဲ ဖြစ်သည်။
မေလတွင် ပြုလုပ်ခဲ့သည့် Red Line ဆန္ဒပြပွဲတွင်လည်း ဆန္ဒပြသူများက သည်ဟိဂ်မြို့ ငြိမ်းချမ်းရေးနန်းတော်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အဆောက်အအုံရှေ့က ချီတက်ဆန္ဒပြခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဂါဇာတွင် အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်နေမှုကို ရပ်တန့်ရန် အမိန့်ချခဲ့သည်။
နှစ်နှစ်နီးပါး ကြာမြင့်လာသည့် အစ္စရေး၏ ဂါဇာစစ်ပွဲကြောင့် သေဆုံးသူ ပါလက်စတိုင်းဦးရေ ၅၅,၃၀၀ နီးပါးရှိလာပြီ ဖြစ်သည်။
Source: Associated Press