BREAKING
May 16, 2025

ထားဝယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

May 16, 2025

ထားဝယ်မြို့ပေါ်တွင် မေလ ၁၅ရက် ညက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

အိမ်ရှေ့ပြင်ရပ်ကွက်တွင် နေထိုင်သည့် ကိုနေလင်းထက်သည် ကုန်တင်ကုန်ချ အလုပ်လုပ်ပြီး ည ၁၀ နာရီမှ အိမ်ပြန်လာသောကြောင့် အိမ်ပြန်နောက်ကျသည့်အတွက် ဇနီးဖြစ်သူနှင့် စကားများခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။

ယင်းနောက် ဇနီးဖြစ်သူသည် ရက် ၁၀၀ အရွယ် သားဖြစ်သူနှင့်အတူ အိပ်ခန်းအပြင် ထွက်အိပ်နေရာ ခင်ပွန်းဖြစ်သူ ထွက်မလာသဖြင့် ည ၁၁ နာရီခန့်တွင် အိပ်ခန်းထဲ ပြန်ဝင်ကြည့်ရာ ခင်ပွန်းဖြစ်သူ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရ ြ ၆ယ၆ယကြောင်း ဖြစ်စဉ်ကိုသိရှိသည့် မြို့ခံတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့လည်း မနက်မှသိတယ်။ ကြိုးတွေလည်း ဖြုတ်ပြီးနေပြီး။ ကျွန်တော်တို့ ရောက်သွားတော့လေ ကလေး ပုခက်ချည်ထားတဲ့ကြိုးကို ကွင်းလုပ်ပြီး ကြိုးဆွဲချထားတဲ့အနေထားပေါ့” ဟု ၎င်းက ပြောဆိုသည်။

ကိုနေလင်းထက်မှာ ဧရာဝတီတိုင်းဇာတိဖြစ်ပြီး ထားဝယ်ဒေသခံ သရက်ချောင်းဇာတိဖြစ်သူ ဇနီးသည်နှင့်အတူ အိမ်ရှေ့ပြင်ရပ်ကွက်တွင် အိမ်ငှားနေထိုင်ပြီး ထားဝယ်မြို့ အဝေးပြေးကားကြီးကွင်းတွင် ကုန်တင် ကုန်ချ လုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ကိုနေလင်းထက်တွင် ရက် ၁၀၀ အရွယ်သားနှင့် ဇနီးတို့ ကျန်ရစ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ကိုနေလင်းထက်၏ ရုပ်အလောင်းကို မြို့ခံလူမှုကူညီရေးအသင်းက ထားဝယ်ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး မေလ ၁၆ ရက် ယနေ့ နေ့လယ်‌၁၂နာရီခန့်တွင် ထားဝယ်မြို့နယ် ဇဟာရွာရှိ ဘာသာပေါင်းစုံသုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။