ONE Championship သည် မြန်မာဖိုက်တာ စူပါရေချမ်း ကို အဲမွီထံတွင် အရေးနိမ့်ထားသော ဂျပန်ဖိုက်တာ မူဂါဆီတိုနှင့် ပွဲတည်ပေးလိုက်ကြောင်း ထုတ်ပြန်အသိပေးလိုက်ပြီဖြစ်သည်။
စူပါရေချမ်းနှင့် မူဂါဆီတို တို့သည် မေလ ၃၀ ရက်နေ့၌ ကျင်းပရန်ရှိနေသော ONE Friday Fights 110 ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ကြရလိမ့်မည်ဖြစ်ပြီး မူဂါဆီတိုမှာ ONE တွင် ၂ ပွဲနိုင်၊ ၁ ပွဲရှုံးထားသည့် ဖိုက်တာတစ်ဦးဖြစ်သည်။
မူဂါဆီတို သည် အနိုင်ရရှိသောပွဲစဉ်များကို အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး အရေးနိမ့်သောပွဲစဉ်ကိုလည်း အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
အဲမွီနှင့်ယှဉ်ပြိုင်ခဲ့ရသောပွဲစဉ်တွင် မူဂါဆီတိုက အသာစီးမှနေ၍ ပွဲကို ထိုးနိုင်ခဲ့သော်လည်း မူဂါဆီတို အလစ်အငိုက်မိသွားစေခဲ့သော အဲမွီ၏လက်သီးချက်တစ်ချက်က ပွဲရလဒ်ကို ပြောင်းပြန်ဖြစ်သွားစေခဲ့သည်။
အဲမွီသည် ပထမပွဲချီနှင့် ဒုတိယပွဲချီ ထက်ဝက်ခန့်သို့ ရောက်သည်ထိတိုင် မူဂါဆီတိုကို အောက်စည်းမှနေ၍ ကစားခဲ့ရပြီး ကံကြမ္မာက ဖေးမကူညီခဲ့သောကြောင့်သာလျှင် Comeback ပြန်လာနိုင်ခဲ့ခြင်းဖြစ်သည်။
စူပါရေချမ်း သည် ယခုမတိုင်မီတွင် ရော့ထန်၏ယောက်ဖ ဆန်ဂါသစ်ကို ကစ်ဘောက်ဆင်နည်းဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး ONE တွင် နိုင်ပွဲ ၁ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရရှိထားသော စူပါရေချမ်းအတွက် ယခုပွဲစဉ်တွင် နိုင်ပွဲရရှိရန်မှာ လွန်စွာအရေးကြီးလျက်ရှိသည်။
စူပါရေချမ်း သည် ပထမဆုံး ယှဉ်ပြိုင်ခဲ့ရသော ဆုတင်နှင့်ပွဲတွင်လည်း အမှတ်ပေးဒိုင်လူကြီးများ၏ဘက်လိုက်ဆုံးဖြတ်မှုကို ကြုံဆုံရင်ဆိုင်ခဲ့ရကာ ဒုတိယပွဲစဉ်၌ ဒန့်ခ် ကို ပထမပွဲချီ၌ပင် အလဲထိုးပြခဲ့သော်လည်း ဘောနပ်စ် မရရှိသည့်အခြေအနေကို စူပါရေချမ်းက ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။
စူပါရေချမ်း သည် ယခုပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်ထားပြီး နိုင်ပွဲ အရယူပြရန်လည်း စိတ်ဓာတ်ပြင်းပြလျက်ရှိသည်။
Source: ONE Championship







