BREAKING
June 3, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

May 16, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မေ ၁၀ ရက်မှ ၁၆ ရက်အထိ

ဂျပန်မှာ လေ့ကျင့်ရေး စစ်လေယာဉ်ပျက်ကျ

ဂျပန်နိုင်ငံအလယ်ပိုင်း အိုက်ချီစီရင်စုမှာရှိတဲ့ ရေကန်ထဲကို လေ့ကျင့်ရေး စစ်လေယာဉ်တစင်း မေလ ၁၄ ရက်နေ့က ပျက်ကျသွားခဲ့ပါတယ်။

ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ လေတပ်မှ T4 လေ့ကျင့်ရေးလေယာဉ် ပျက်ကျခြင်းဖြစ်ပြီး လေယာဉ်ပေါ် တပ်ဖွဲ့ဝင် နှစ်ဦး လိုက်ပါသွားတာပါ။

တပ်ဖွဲ့ဝင် နှစ်ဦးနဲ့အတူ လေယာဉ်ကို အခြားလေ့ကျင့်ရေးလေယာဉ် ၂၀၀ လောက်နဲ့ မေလ ၁၆ ရက်နေ့အထိ ရှာဖွေနေဆဲလို့ ဆိုပါတယ်။

ဒါကြောင့် တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အခြေအနေကို မသိရသေးပါဘူး။

လေယာဉ်ပျက်ကျတဲ့ အနီးတဝိုက်က အခြေအနေနဲ့ ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပျက်ကျခဲ့တဲ့ T4 လေယာဉ်မှာ အသံဖမ်းစက် ဒါမှမဟုတ် လေယာဉ်ပျံသန်းမှု မှတ်တမ်းစက် တပ်ဆင်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

Ref: asahi

……………………………………..

ဆန္ဒပြကျောင်းသား ၁၀၀ နီးပါးကို တူရကီဖမ်းဆီး

တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်ရှိ ဘိုအာချီတက္ကသိုလ်ကျောင်းဝင်းထဲမှာ အစ္စလာမ် တရားဟောဆရာရဲ့ ညီလာခံကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသား ၁၀၀ နီးပါးကို တူရကီရဲတပ်ဖွဲ့က မေ ၁၃ ရက်က ဖမ်းဆီးခဲ့ပါတယ်။

ကလေးအရွယ် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အငြင်းပွားစရာ သဘောထားတွေကြောင့် နာမည်ကြီးတဲ့ အစ္စလာမ် တရားဟောဆရာ နူရဒ်ဒင် ယိလ်ဒစ်ဇ်ရဲ့ ညီလာခံကို ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။

ကျောင်းသားတွေက ရဲအတားအဆီးတခုကို ချိုးဖျက်ဖောက်ထွက်ဖို့ ကြိုးစားနေချိန်မှာ ကျောင်းသားစုစုပေါင်း ၉၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခရမ် အီမာမိုဂလူ အဖမ်းခံထားရမှုနဲ့ပတ်သက်တဲ့ ဆန္ဒပြပွဲတွေမှာလည်း တူရကီ တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြခဲ့ကြပါသေးတယ်။

Ref: turkiye

……………………………………..

နိုင်ဂျီးရီးယားမှာ စစ်တပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ မေ ၁၂ ရက်နေ့က နိုင်ဂျီးရီးယားစစ်တပ်ရဲ့ အခြေစိုက်စခန်းတခုကို အစ္စလာမ္မစ်လက်နက်ကိုင်တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပါတယ်။

ဘိုကိုဟာရမ်စစ်သွေးကြွတွေဟာ မော်တော်ဆိုင်ကယ်တွေ၊ သေနတ်တင် ထရပ်ကားတွေနဲ့ ရောက်ရှိလာကြတာပါ။

သူတို့က အထူးတပ်ဖွဲ့ တပ်ရင်းအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် တပ်သား ၁၀ ကျော်သေဆုံးခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ဂျီးရီးယား တပ်ဖွဲ့တွေကတော့ ပြန်ဆုတ်လာရပြီး အခြားတပ်တစ်ခုနဲ့ ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Ref: AA

……………………………………..

ပီရူးဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

ပီရူးနိုင်ငံဝန်ကြီးချုပ် ဂတ်စ်တာဗို အဒ်ရီယံဇန် (Gustavo Adrianzén) ဟာ မေ ၁၃ ရက်မှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

သတ္တုတွင်းလုပ်သား အုပ်စုတစု သတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်မှာ သူ့ကို အယုံအကြည်မရှိ အဆိုတင်သွင်းဆွေးနွေးမည့် ရက်မတိုင်မီ နုတ်ထွက်ခဲ့တာပါ။

သမ္မတနဲ့ အောက်လွှတ်တော် အမတ်တွေကို ရွေးကောက်ဖို့ အချိန်တစ်နှစ် မတိုင်ခင်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာတော့မှာပါ။

ပီရူးနိုင်ငံရဲ့ အခြေခံဥပဒေအရ ဝန်ကြီးချုပ် နုတ်ထွက်ရင် အခြားဝန်ကြီးအားလုံး နုတ်ထွက်ရမှာဖြစ်ပါတယ်။

အခုလအစောပိုင်းမှာ မိုင်းတွင်းလုပ်သား ၁၃ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရတဲ့အမှုဟာ ဝန်ကြီးချုပ်က ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုချက်ကို လှုံ့ဆော်ပေးခဲ့တာဖြစ်ပါတယ်။

Ref: BBC

……………………………………..

မက္ကဆီကို မြို့တော်ဝန်ကိုယ်စားလှယ်လောင်း မဲဆွယ်နေတုန်း ပစ်သတ်ခံရ

မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ဗယ်ရာခရုဇ်ပြည်နယ်မှာ မြို့တော်ဝန် ကိုယ်စားလှယ်လောင်းက မေ ၁၁ ရက်နေ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးပွဲအပြီး ထောက်ခံသူတွေကို နှုတ်ဆက်နေချိန်မှာ ပစ်သတ်ခံလိုက်ရပါတယ်။

အာဏာရပါတီကိုယ်စားလှယ်လောင်း ယယ်ဆဲနီယာ လာရာဂူတီယာရဇ် (Yesenia Lara Gutiérrez) ဟာ မဲဆွယ်ပွဲအပြီးမှာ သူ့ထောက်ခံသူတွေကို စကားပြောဆိုနေတုန်း မော်တော်ဆိုင်ကယ်စီးလာသူက သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

ဗီဒီယိုမှတ်တမ်းအရ သေနတ်အချက်ရေ ၂၀ လောက်ကို ကြားရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သူအပါအဝင် လူ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကို မသိရသေးပါဘူး။

မက္ကဆီကိုနိုင်ငံဟာ မကြာသေးတဲ့နှစ်တွေအတွင်း ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

Ref: CNN

……………………………………..

နစ်ဆန်ကားကုမ္ပဏီက ဝန်ထမ်း တစ်သောင်းကျော် လျှော့ချမည်

နစ်ဆန်မော်တာ ကုမ္ပဏီကြီးက တကမ္ဘာလုံးမှာ ဝန်ထမ်းအယောက် ၁၀,၀၀၀ ကျော်ကို လျှော့ချမယ်လို့ မေလ ၁၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အရင်က ဝန်ထမ်းအင်အား ၂၀,၀၀၀ လောက်အထိ လျှော့ချဖို့ စီစဉ်ထားတာပါ။

ဒါကြောင့် အရင်က လျှော့ချဖို့ ကြေညာထားတဲ့ ဝန်ထမ်းအင်အားထက် လျှော့နည်းသွားခဲ့ပါတယ်။

ချွတ်ယွင်းချက် စွဲချက်တွေကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ အသားတင်ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၄ ဘီလီယံကနေ ၅ ဒသမ ၀၈ ဘီလီယံ အထိ စံချိန်တင်နိုင်တယ်လို့ ဆိုပါတယ်။

Ref: CNBC

……………………………………..

မလေးရှားမှာ ကားနဲ့တိုက်မိပြီး သေဆုံးသွားသော ဆင်လေးအနား ဆင်မကြီးက ငါးနာရီကြာအထိ စောင့်ရှောက်

မလေးရှားနိုင်ငံ ပီရက်ခ်ပြည်နယ်မှာ ဆင်လေးတစ်‌ကောင်ကို ထရပ်ကားနဲ့ ဝင်တိုက်မိခဲ့ပါတယ်။ 

မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ Gerik-Jeli အဝေးပြေးလမ်းမတစ်လျှောက် မောင်းနှင်လာတဲ့ ထရပ်ကားမောင်းသမားက လမ်းပေါ်ပြေးတက် လာခဲ့တဲ့ ၅ နှစ်သား ဆင်ထီးလေးကို ဝင်တိုက်မိခဲ့ပါတယ်။

ဆင်လေးက ထရပ်ကားအောက်ထဲညှပ်မိသွားခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။

ဆင်မကြီးက ထရပ်ကားကို တွန်းထုတ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။ 

တွန်းထုတ်လို့မရခဲ့ပေမဲ့ ၅ နာရီကျော်ကြာတဲ့အထိ သူ့သားလေးနားကနေ ထွက်မသွားခဲ့ပဲ စောင့်ရှောက်နေခဲ့ပါတယ်။

အာဏာပိုင်တွေရောက်လာခဲ့ပြီး ဆင်မကြီးကို စိတ်ငြိမ်သွားအောင်လုပ်ပြီး ဘေးကင်းရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ဗီဒီယိုဖိုင်ရိုက်မိထားတာကို အွန်လိုင်းပေါ် ပြန့်နှံ့လာပြီး ပြည်သူတွေက စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

Ref: NST

……………………………………..