BREAKING
May 16, 2025

ဖမ်းထားသည့် စမ်းလှမ်းဒေသခံများ အရေးယူမည့်ကိစ္စ NUG ထံ တင်ပြမည်ဟု လောင်းလုံးပကဖပြော

May 16, 2025

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားသည့် စမ်းလှမ်းကျေးရွာဒေသခံ ငါးဦးကိစ္စအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တင်ပြမည်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။

NUG က ထုတ်ပြန်ထားသည့် စစ်ကောင်စီထောက်တိုင် သတ်မှတ်အချက်အတိုင်း အရေးယူနိုင်ရန် ထိုကဲ့သို့ တင်ပြခြင်းဖြစ်ပြီး NUG က ညွှန်ကြားသည့်အတိုင်းသာ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ရဲ့ သဘောဆန္ဒအတိုင်း အရေးယူမှာ မဟုတ်ဘူးပေါ့နော်။ NUG ကို တင်ပြပြီး သူတို့ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ဆက်သွားမယ်” ဟု ကိုရှဲဒိုးက ပြောဆိုသည်။

မေလ ၁၀ရက်တွင် စမ်းလှမ်းကျေးရွာဒေသခံခြောက်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်ဦးကိုမူ ပြန်လွှတ်လိုက်ပြီဖြစ်သည်။

ယင်းအနက် အသက် ၆၀ အရွယ် ဒေါ်အုန်းရီနှင့် သမီးဖြစ်သူ အသက် ၃၆နှစ်အရွယ် ဒေါ်ဇင်မာစိုးတို့မှာ မူးယစ်ဆေးဝါး ဝယ်ယူထားသည့်မှတ်တမ်းများ၊ စစ်သင်္ဘောထံ ဆက်ကြေးကောက်ပေးထားသည့် မှတ်တမ်းစာအုပ်၊ စစ်ကောင်စီတပ်က စစ်ကြောင်းမှူး၊ ရေတပ်ဗိုလ်ကြီးတို့ အပါအဝင် ဌာနဆိုင်ရာတို့၏ ဖုန်းနံပါတ်စာအုပ်၊ ပျူစောထီးတို့နှင့် ဖုန်းဆက်သွယ် ထားချက်များကို သိမ်းဆည်းရမိခဲ့ကြောင်း လောင်းလုံး ပကဖ က ထုတ်ပြန်ထားသည်။

ယင်းအပြင် WY မူးယစ်ဆေးဝါး ၁၇ ပြားလည်း သိမ်းဆည်းရမိသည်ဟု ဆိုထားသည်။

ဦးသိန်းဇော် ခေါ် ဦးဇော်ဝမ်းကိုမူ စစ်ကောင်စီနှင့် ပတ်သက်နေသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးသိန်းဇော်မှာ လက်နက်ကိုင်ဆောင်ဖူးသူဖြစ်သည့်အပြင် တော်လှန်ရေးအစောပိုင်းကာလ လူငယ်များကိုဖမ်းဆီးရန် သတင်းပေးအဖြစ်ပါဝင်ဖူးသူဖြစ်ကြောင်းလည်း ဆိုထားသည်။

အသက် ၅၈ နှစ်အရွယ် ဦးအောင်မိုးနှင့် သားဖြစ်သူ ကိုရှိန်းသူရိန်မိုး ခေါ် သားမဲတို့ သားအဖနှစ်ဦးကိုမူ စမ်းလှမ်းရွာအနီးရှိ လက်ခတ်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီစခန်းသို့ သတင်းပို့သဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကိုရှိန်းသူရိန်မိုး ခေါ် သားမဲကိုမူ စစ်ကောင်စီနှင့် ထပ်မံ မပတ်သက်ရန် ခံဝန်ထိုးစေပြီး ပြန်လွှတ်ပေးလိုက်သည့်အပြင် ဖမ်းဆီးလာစဉ်က သိမ်းဆည်းလာသည့် ကားကိုလည်း ပြန်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် အသက် ၃၃ နှစ်အရွယ် ကိုဇော်ဇော်ငြိမ်းဆိုသူမှာလည်း စိတ်ပုံမှန်မရှိချိန်က လတ်ခတ်တောင်ရှိ စစ်ကောင်စီစခန်းသို့ မကြာခဏသွားရောက်လေ့ရှိပြီး ရိက္ခာလည်းပို့ဖူးကြောင်း ဝန်ခံထားသည်ဟု ဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စမ်းလှမ်းဒေသခံခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ပြန်လွှတ်ပေးလိုက်သဖြင့် လတ်တလော ငါးဦးကို ဖမ်းဆီးထားဆဲဖြစ်သည်။

ဖမ်းဆီးခံရသူတို့နှင့် ဆွေမျိုးတော်စပ်သူအချို့ကမူ လောင်းလုံး ပကဖက ဖမ်းဆီးထားသူများအား လက်ခတ်တောင် စခန်းအား သတင်းပေးလုပ်ဖူးကြောင်း လက်မှတ်ထိုးခိုင်းပြီး လက်မှတ်ထိုးပေးပါက လွတ်ပေးမည်ဟု ဖိအားပေးမှုရှိနေကြောင်း ပြောဆိုကြသည်။

“ကျွန်တော်တို့ ကြားတာကတော့ လက်မှတ်ထိုးပေးရင် လွှတ်ပေးမယ်လို့ပြောတယ်တဲ့။ ဟိုလူတွေက ဘယ်ထိုးပေးရဲမလဲ။ ထိုးပေးလိုက်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်ကုန်မှာပေါ့” ဟု ဖမ်းခံထားရသူနှင့် ဆွေမျိုးနီးစပ်‌တော်သူတစ်ဦးက ပြောသည်။

လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံကမူ အထက်ပါ ပြောဆိုချက်မှာ မဟုတ်ကြောင်း ငြင်းဆိုသည်။

ယင်းအပြင် ဖမ်းဆီးခံရသူတို့အထဲတွင် စစ်ကောင်စီအား စီးပွားအရေးအရသော်လည်းကောင်း မလွတ်ကင်းသဖြင့် ပတ်သတ်နေရသူလည်း ပါဝင်ကြောင်း အထက်ပါဆွေမျိုးနီးစပ်တော်သူက ပြောဆိုသည်။

လတ်တလောတွင် စမ်းလှန်းဒေသခံငါးဦးနှင့်အတူ ရွှေ၊ ငွေ၊ လက်ဝတ်လက်စားနှင့်ဆိုင်ကယ်အချို့ကိုပါ သိမ်းဆည်းထားပြီး စနစ်တကျမှတ်တမ်းပြုစုထားကြောင်း ကိုရှဲဒိုးကပြောသည်။

ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် NUG က ညွှန်ကြားပါက သိမ်းဆည်းထားသည့် ရွှေ၊ ငွေများ အားလုံး ပြန်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။