BREAKING
November 27, 2025

အင်းဝန်းရွာတွင် လက်နက်ကြီးကြောင့် ဒဏ်ရာရသူ သုံးဦးအနက် တစ်ဦးသေဆုံး

May 16, 2025

လောင်းလုံးမြို့နယ်၊ အင်းဝန်းရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသူ အမျိုးသားသုံးဦးအနက် တစ်ဦး သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။

သေဆုံးသူသည် သာယာကုန်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုဗဒင်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူက လည်ပင်းထိတော့ ဒဏ်ရာပြင်းတယ်။ (လမ်း) တစ်လျှောက်လုံး လုံးဝသတိမရတော့ဘူး။ ဆေးရုံရောက်တာနဲ့ ဆုံးသွားတယ်။ အလောင်းကတော့ အခုထိ အိမ်မရောက်လာသေးဘူး” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရရှိသူ နောက်ထပ်အမျိုးသားနှစ်ဦးမှာလည်း ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထားဝယ်မြို့ပေါ်ရှိ နတလ ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် အင်းဝန်းရွာကို ယနေ့ မေလ ၁၆ ရက် နေလယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကိုရှဲဒိုးက ပြောသည်။

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား တစ်ဦး သေဆုံးက နှစ်ဦး ပြင်းထန်ဒါဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီလတွင်လည်း သဲပုံကျေးရွာရှိ အင်းဝတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အသက် ၃၀ ကျော်အရွယ်ရှိ သာယာကုန်ရွာသားတစ်ဦး သေဆုံးခဲ့သည်။