BREAKING
May 16, 2025

ထားဝယ်မြို့တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

May 16, 2025

ပုံစာ - ကိုဂျွန်ဟာလင်း။

ထားဝယ်မြို့ ၊ ကရပ်ပြင်ရပ်ကွက်ရှိ စတိုးဆိုင်တစ်ဆိုင်၏ အပေါ်ထပ်မှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ကာယကံရှင်မိသားစု နှင့် မြို့ခံများထံမှသိရသည်။

မေလ ၁၅ ရက် ညနေပိုင်းတွင် ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ထားဝယ်မြို့နယ် ၊ ကနိုင်းဒါအုပ်စု ၊ အလယ်ကုန်းရွာမှ အဲယားကွန်း ပြုပြင်ရေးလုပ်ကိုင်သူ ကိုဂျွန်ဟာလင်း ဖြစ်သည်။

အဲယားကွန်းပြုပြင်ရင်း စတိုးဆိုင်၏ နှစ်လွှာမှ ခြေချော်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုကဆိုသည်။

“အဲယားကွန်းပြင်ဖို့ မူလီ နှစ်လုံးလောက်ပဲ ဖြုတ်ရသေးတယ်။ ရပ်ထားတဲ့ နေရာကနေ ခြေချော်ပြီး ပြုတ်ကျသွားတယ်။ လည်ပင်းကျိုးသွားတယ်။ လက်တစ်ဖက်က ကြေသွားတယ်။ လူကတော့ ပြုတ်ကျကတည်းက သတိမရှိတော့ဘူး ” ဟု မိသားစုဝင်တစ်ဦး ကပြောသည်။

ပြုတ်ကျသူအား ထားဝယ်မြို့ ဇမ္ဗူသီရီ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ထားဝယ်ဆေးရုံသို့ စစ်ဆေးရန်ပို့ဆောင်ပေးခဲ့ပြီးနောက် ရုပ်အလောင်းကို အလယ်ကုန်းရွာ နေအိမ်သို့ ပို့ဆောင်ပေးခဲ့သည်။