ဂါဇာသို့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီများ မဝင်ရောက်နိုင်ရန် အစ္စရေးဘက်က သုံးလနီးပါးကြာ ပိတ်ဆို့လာခဲ့မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် အစုလိုက်အပြုံလိုက်အငတ်ဘေး ဖြစ်ပွားရန် အလွန်နီးကပ်လာနေကြောင်း Integrated Food Security Phase Classification (IPC) အဖွဲ့က သတိပေးလိုက်သည်။
အစ္စရေး၏ လနှင့်ချီ ပိတ်ဆို့ထားမှုကြောင့် ဂါဇာတွင် လူငါးဦးလျှင် တစ်ဦးမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာ အငတ်ဘေးဆိုင်ရာလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် IPC အဖွဲ့က ဆိုသည်။
ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် အစုလိုက်အပြုံလိုက်အငတ်ဘေးသင့်မည့် အန္တရာယ်မှာ မြင့်မားသည့် အခြေအနေ ရောက်နေကြောင်း ၊ အငတ်ဘေးအကျပ်အတည်း၏ အဆိုးရွားဆုံးအဆင့်နှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း IPCအဖွဲ့က တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် ၎င်းတို့၏ အစီရင်ခံစာတွင် သတိပေးလိုက်သည်။
စက်တင်ဘာလမကုန်မီ ဂါဇာ၌ အစုလိုက်အပြုံလိုက်ငတ်မွတ်မှုဘေး ဖြစ်ပေါ်နိုင်ချေ အလွန်မြင့်မားနေကြောင်း IPC အဖွဲ့က ဆိုသည်။ ဂါဇာဒေသခံ လူအများစုအတွက် အစားအစာ ၊ ရေ ၊ အမိုးအကာနေရာထိုင်ခင်းနှင့် ဆေးဝါးများ လုံးဝမရရှိနိုင်ဘဲ ဖြစ်သွားလိမ့်မည်ဟု IPC အဖွဲ့က ဆိုသည်။
ယခုနှစ် မတ်လတွင် ဂါဇာသို့ အစ္စရေး၏ ပိတ်ဆို့တိုက်ခိုက်မှု ပြန်လည်စတင်လိုက်ပြီးနောက် ဂါဇာရှိ မြေပြင်လူသားချင်းစာနာမှုအကျပ်အတည်းမှာ ပိုဆိုးရွားလာကြောင်း ကုလသမဂ္ဂ ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ဂါဇာဒေသခံပြည်သူများက ထုတ်ဖော်ပြောဆိုလာကြချိန် အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
လက်ရှိအချိန်အထိ ဂါဇာဒေသခံများမှာ အစားအစာ ၊ ဆေးဝါးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရန် အခက်အခဲ ကြုံတွေ့နေရသည်။




















“လူတွေရဲ့ အသက်ရှင်သန်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ ကုန်စည်တွေဟာ လျော့နည်းလာနေပါတယ်။ လာမည့် ရက်သတ္တပတ်တွေအတွင်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ်” ဟု IPC အဖွဲ့က ဆိုသည်။
ဂါဇာတွင် စားနပ်ရိက္ခာများ ပြတ်လပ်လျက်ရှိပြီး ကျန်ရှိနေသေးသည့် စားနပ်ရိက္ခာများမှာ လူအနည်းစုသာ တတ်နိုင်သည့် မတန်တဆဈေးဖြင့် ရောင်းချခံနေရသည်ဟု IPC အဖွဲ့က ပြောသည်။
အစ္စရေးဘက်က ယခုနှစ် မတ်လ ၂ ရက်နေ့တွင် ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီအားလုံး မဝင်ရောက်နိုင်ရေး ပိတ်ဆို့မှု စတင်ခဲ့ပြီး စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။
ယင်းကြောင့် ဂါဇာတွင် နေထိုင်သည့် ပါလက်စတိုင်း ၂ သန်းကျော်အတွက် အစားအစာ ၊ ဆေးဝါးအထောက်အပံ့နှင့် အခြားအကူအညီအထောက်အပံ့အားလုံး ဖြတ်တောက်ခံထားရသည်။
ယင်းမှာ ဂါဇာတွင် ထိန်းသိမ်းထားသည့် အစ္စရေးဓားစာခံများကို ပြန်လွှတ်ပေးရေး ဟားမတ်စ်အဖွဲ့ကို ဖိအားပေးရန် ရည်ရွယ်သည်ဟု အစ္စရေးက ပြောသည်။
အစ္စရေး၏ လုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်ရာ ရောက်ကြောင်း နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်လျက်ရှိသည်။
အစ္စရေးသည် အစာရေစာဖြတ်တောက်ခြင်းကို စစ်ပွဲလက်နက်တစ်ခုအနေဖြင့် အသုံးချလျက်ရှိသည်ဟု အချို့က ဝေဖန်ကြသည်။
စက်တင်ဘာလမကုန်မီ ဂါဇာ၌ အစုလိုက်အပြုံလိုက်ငတ်မွတ်မှုဘေး ဖြစ်ပေါ်နိုင်ချေ အလွန်မြင့်မားနေကြောင်း IPC အဖွဲ့က ဆိုသည်။
“ရန်လိုမှုများကို ချက်ချင်းရပ်ဆိုင်းပြီး လူသားချင်းစာနာမှုအကူအညီပေးပို့မှုကို ပြန်လည်စတင်မှသာ အဆိုပါ အငတ်ဘေးကို ရှောင်ရှားနိုင်လိမ့်မည် ” ဟု IPC အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source: CNN