BREAKING
November 16, 2025

ဘန်ကောက်အဆောက်အအုံပြိုကျမှု အီတာလျံ-ထိုင်း ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦးကို ဖမ်းဝရမ်းထုတ်

May 16, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် စာရင်းစစ်ချုပ်ရုံး ပြိုကျမှုနှင့်ပတ်သက်၍ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Premchai Karnasuta အပါအဝင် အဆောက်အအုံ ဆောက်လုပ်ရေးတွင် တာဝန်ယူခဲ့သော အခြားပညာရှင် ၁၇ ဦးကို တရားရုံးက ဝရမ်းထုတ်ထားကြောင်း မေလ ၁၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ဖမ်းဝရမ်းထုတ်ခံရသူများတွင် အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးကြီးကြပ်သူများနှင့် China Railway No.10 ကုမ္ပဏီလည်း ပါဝင်ပြီး ဆောက်လုပ်ရေးစည်းမျဉ်း စည်းကမ်း ချိုးဖောက်မှုအတွက် တစ်ဦးချင်းရော ကုမ္ပဏီအနေနှင့်ပါ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝရမ်းထုတ်ခံရသော အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Premchai Karnasuta က ယနေ့ မေလ ၁၆ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်တွေ့ဆုံရန် ဘန်ကောက်မြို့ ဘန်ဆူးရဲစခန်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

စာရင်းစစ်ချုပ်ရုံး၏ အဆောက်အအုံဒီဇိုင်းသည် ဝန်ကြီးဌာများ၏ စံနှုန်းများနှင့် ကိုက်ညီမှုမရှိဘဲ ဓါတ်လှေကား တည်ဆောက်မှုတွင်လည်း နေရာအထားအသို လွဲချော်မှုရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအချက်များက ငလျင်ဖြစ်သည့်အချိန် အဆောက်အအုံကို ယိုင်နဲ့စေပြီး ပြိုကျသည်အထိ ဖြစ်စေခဲ့ကြောင်း စစ်ဆေးတွေ့ရှိချက်ကို ဖော်ပြထားသည်။

ထို့အပြင် အသုံးပြုထားသော ဘိလပ်မြေများကလည်း စံချိန်စံညွှန်များနှင့် မကိုက်ညီသလို အသုံးပြုထားသော သံချောင်းများကလည်း ဒီဇိုင်းဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

စာရွက်စာတမ်းအချို့တွင်လည်း မြို့ပြအင်ဂျင်နီယာတစ်ဦး၏ လက်မှတ်ကို အတုပြုလုပ်ထားသည်ကို စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။

ထို့ကြောင့် အဆောက်အအုံဒီဇိုင်းကုမ္ပဏီများ၊ ဆောက်လုပ်ရေးကြီးကြပ်သောကုမ္ပဏီများနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာကုမ္ပဏီများကို ထိုင်းအစိုးရဘက်က တရားစွဲခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံပြိုကျမှုကြောင့် မြန်မာအလုပ်သမားများအပါအဝင် သေဆုံးသူ ၉၂ ဦးအထိ ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၄ ဦး ရှိနေဆဲဖြစ်သည်။

လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိုင်းအစိုးရဘက်က ရပ်နားလိုက်ပြီဖြစ်သည်။

Ref: Khaosod English, The Nation Thailand