BREAKING
May 1, 2025

ငလျင်ဘေးသင့်သူ နှစ်သန်းခန့်အတွက် အရေးပေါ် အကူအညီလို

April 16, 2025

ဓာတ်ပုံ - UNICEF

မြန်မာနိုင်ငံတွင် မတ်လ ၂၈က လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးဒဏ်ကို ခံရသူများအနက် လူဦးရေ နှစ်သန်းကျော်မှာ အရေးပေါ်အကူအညီများနှင့် ကာကွယ်စောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

သန့်ရှင်းသည့် သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အမိုးအကာ မရှိဘဲ နေထိုင်နေကြရသူများမှာ လက်ရှိအချိန်အထိ အများအပြားရှိနေသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ ဧပြီလ ၁၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လမ်း၊ အခြေခံအဆောက်အအုံများ ပျက်စီးမှုနှင့် ဆက်သွယ်ရေးစနစ်ချို့ယွင်းမှုတို့ကြောင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများထံ အကူအညီ အရောက်ပို့ရာတွင် ပိုမိုခက်ခဲနေကြောင်းလည်း ဆိုသည်။

ငလျင်ဘေးမတိုင်မီကပင် လက်နက်ကိုင်ပဋိပက္ခ၊ သဘာဝဘေးတို့ကြောင့် လူသားချင်းစာနာသည့် အကူအညီလိုအပ်နေသူ သန်း ၂၀ နီးပါး ရှိနေသည့် မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ကြောင့်လည်း မြန်မာပြည်သူ ၁၇ သန်းကျော် ထပ်မံ ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။

ငလျင်ကြောင့် စာသင်ကျောင်း နှစ်ထောင်နီးပါးပျက်စီးခဲ့ပြီး ကျန်ကျောင်းအများစုတွင်လည်း အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့သည့် မိသားစုများ ယာယီခိုလှုံနေရာအဖြစ် ပြောင်းလဲအသုံးပြုနေရကြောင်းလည်း UNOCHA က ဧပြီလ ၁၅ ရက်က ထုတ်ပြန်ထားသည်။

ကလေးသိန်းပေါင်းများစွာသည် ပညာရေး အခွင့်အလမ်း ဆုံးရှုံးစေကြောင်းလည်း ဖော်ပြသည်။

ထိခိုက်မှုအပြင်းထန်ဆုံးထဲက ကလေး တစ်သိန်းတစ်သောင်းအတွက် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့များက အကူအညီများ ပေးအပ်နိုင်ရန်ဆောင်ရွက်နေပြီး ဘေးကင်းသည့် သင်ကြားရေးနေရာ၊ ဆရာ/ဆရာမများအတွက် သင်တန်းနှင့် အဓိကလိုအပ်သည့် သင်ကြားရေးပစ္စည်းများထောက်ပံ့သွားမည်ဖြစ်ကြောင်း ဆိုသည်။