ထိုင်းနိုင်ငံရှိ ဆီဆိုင်အများစုတွင် ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုးအထိသာ ဆီဝယ်ယူခွင့် ပြုနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။
ယနေ့ မတ်လ ၁၆ ရက် နံနက်ပိုင်းမှစ၍ အယုဒ္ဓယ၊ မဲဆောက်၊ ချင်းမိုင်၊ စရာဘူရီမြို့နှင့် အခြားမြို့များရှိ PTT၊ Bang Chak ဆီဆိုင်များတွင် လေးဘီးတပ် ကိုယ်ပိုင်ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုးအထိသာ ဆီဝယ်ယူခွင့် ပြုနေကြောင်း သိရသည်။
မဲဆောက်မြို့တွင် ကားများ ဆီဝယ်ယူရန် နံနက် ၄ နာရီကတည်းက ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေကြပြီး အချို့ကားများသည် ညနေကတည်းက တန်းစီနေကြကြောင်း သိရသည်။
နံနက်ပိုင်းတွင် ဆီတန်းစီဝယ်ယူသော ကားတန်းသည် ဆီဆိုင်မှ ၃ ကီလိုမီတာ အရှည်အထိ ရှိနေကြောင်း သတင်းများတွင် ဖော်ပြနေကြသည်။









ဆီဆိုင်အများစုတွင် ကိုယ်ပိုင်အိမ်စီးကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုး၊ ခြောက်ဘီးတပ် ပို့ဆောင်ရေးယာဉ်အသေးအတွက် ဘတ် ၁၀၀၀ ဖိုးနှင့် ကုန်တင်ယာဉ်အကြီးအတွက် ဘတ် ၂၀၀၀ ဖိုးအထိသာ ဆီဝယ်ယူခွင့် ပြုနေဟုဆိုသည်။
အယုဒ္ဓယခရိုင်ရှိ ဆီဆိုင်များတွင်မူ အိမ်စီကားတစ်စီးလျှင် ဘတ် ၃၀၀ ဖိုးအထိသာ ဆီဝယ်ယူခွင့် ပြုထားပြီး အယုဒ္ဓယနှင့် စရာဘူရီမြို့များတွင် ဒီဇယ်များ ပြတ်လပ်နေပြီဖြစ်ကြောင်း သတင်းများအရသိရသည်။
မဲဆောက်မြို့ရှိ ဆီဆိုင်အချို့တွင်မူ မြန်မာဘက်ကလာသော ကားများကို ဆီမရောင်းပေးတော့ဟုဆိုသည်။
Ref: MGR Online, Khaosod, Chiangmai News, The Reporter, Thairath







