စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လောင်းလုံးမြို့နယ် ခမောင်းတောင် ကျေးရွာအနီးနေထိုင်သည့် အမျိုးသားတစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်မြစ်၏ အရှေ့ဘက်ကမ်း၌ရှိသော ဇာဟာကျေးရွာအခြေစိုက် စစ်အာဏာရှင်အမြောက်တပ်ရင်းက လက်နက်ကြီး ဖြင့် မတ်လ ၁၅ ရက် ညနေ ၄နာရီခွဲတွင် တစ်ကြိမ်၊ ညဘက်တွင် လေးကြိမ်ခန့် ခမောင်းတောင်ကျေးရွာနှင့် အနီးတဝိုက်ကို ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ညနေဘက် ပစ်ခတ်မှုတွင် ခမောင်းတောင်ကျေးရွာနှင့် ထိန်တွင်းကျေးရွာကြားတွင် လမ်းဘော ထန်းပင်များအနီး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါနေရာတွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးဆီနီဂေါဟုခေါ်ကြသည့် အမျိုးသားတစ်ဦးမှာ ထန်းတက်ရန် ပြင်ဆန်နေချိန် လက်ကြီးကျည်စထိမှန်ကာ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“သူက အုတ်ဖိုလာလုပ်ရင်းနဲ့ ထိန်တွင်းရွာကိုဝင်တဲ့ လမ်းနားမှာ ထန်းရေရောင်းပြီး အသက်မွေးနေတာ ဆယ်စုနှစ် တစ်ခု လောက် ရှိတော့မယ်။ မနေ့ ညနေက ၄ နာရီခွဲလောက်ရှိမယ် သူဖြစ်တဲ့အချိန်၊ ပွဲချင်းပြီး ဆုံးသွားတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။
ညဘက် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များမှာ ခမောင်းတောင်ကျေးရွာ အနီးအနားရှိ အုတ်ဖိုတဲများ အနီးကျရောက် ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အအုံ ထပ်မံထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်နေချိန် မတ်လ ၁၅ရက် ညတွင် နခံတောကျေးရွာ ရပ်ခံတောင်အခြေစိုက် စစ်အာဏာရှင် တပ်ကလည်း စစ်ကြောင်းထိုးမှုများရှိနေသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
နခံတောရွာနှင့် ခမောင်းတောင်ရွာတို့မှာ ထားဝယ်မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည့် ဘေးချင်းကပ် ကျေးရွာများဖြစ်ပြီး အဆိုပါ ကျေးရွာနှစ်ခုကြားတွင် ရပ်ခံတောင် တည်ရှိသည်။
ခမောင်းတောင် အနီးဝန်းကျင်တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မတ်လ ၁၅ ရက် နံနက်ကမူ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်၊ ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် အထူးစုံစမ်းစစ်ဆေးဦးစီးဌာန (စစစ) ရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ (၃၃/၃၄) လက်အောက်ရှိ တော်လှန်ရေးတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သည်။







