ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်နှင့် ဆွေးနွေးနေကြောင်း ထရမ့်ပြော

March 16, 2026

အီရန်စစ်ပွဲ သုံးပတ်မြောက်သို့ ရောက်လာချိန်တွင် အီရန်နှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

သို့ရာတွင် အီရန်အနေဖြင့် စစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်ရယူရန် အဆင်သင့် မဖြစ်သေးကြောင်း ၎င်းက ဆိုသည်။

အီရန်စစ်ပွဲအဆုံးသတ်ရေး သံတမန်ရေးအရ ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း ရှိမရှိ သတင်းထောက်များ၏ မေးမြန်းမှုကို သမ္မတထရမ့်က “ဟုတ်ကဲ့ ၊ ကျွန်တော်တို့ သူတို့နဲ့ စကားပြောနေပါတယ်” ဟု ဖြေကြားခဲ့သည်။

သို့ရာတွင် အဆိုပါ ဆွေးနွေးမှုများ၏ အသေးစိတ်အချက်များကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“သူတို့ဘက်က အဆင်သင့်ဖြစ်ပြီလို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ အဆင်သင့်ဖြစ်ဖို့ သူတို့ နီးစပ်နေပါပြီ” ဟု ထရမ့်က ပြောဆိုသည်။

အမေရိကန်နှင့် ဆွေးနွေးနေသည်ဆိုသည့်အချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုထားပြီး အမေရိကန်နှင့် ဆွေးနွေးရန် စိတ်ဝင်စားမှု မရှိကြောင်း ပြောသည်။

“အမေရိကန်တွေနဲ့ စကားပြောဖို့လိုတဲ့ အကြောင်းအရင်း ကျွန်တော်တို့ ရှာမတွေ့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ စကားပြောနေတုန်းမှာပဲ အမေရိကန်တွေက ကျွန်တော်တို့ကို တိုက်ဖို့ ဆုံးဖြတ်ခဲ့လို့ပါ။ အမေရိကန်နဲ့ ဆွေးနွေးခဲ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံဆိုတာ မရှိပါဘူး” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

Source: AFP