ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းရဲရုံးနှင့် စသုံးလုံးရုံးတို့ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

March 16, 2026

ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်လက်အောက်ခံ တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် အထူးစုံစမ်းစစ်ဆေးဦးစီးဌာန (စစစ) ရုံးကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ (၃၃/၃၄) မဟာမိတ် ဆက်ဆံရေးတာဝန်ခံက ပြောသည်။

မတ်လ ၁၅ ရက် နံနက်က အဆိုပါရုံးနှစ်ခုကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းဖြစ်ပြီး တိုင်းရဲတပ်ဖွဲ့မှူးကို တိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲအရာရှိအချို့ ထိခိုက်မှုရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“တိုင်းရဲရုံးဖြစ်စဉ်မှာကတော့ သူတို့ဘက်ကနေပြီးတော့ ရဲအရာရှိနှစ်ဦးပေါ့နော် ထိခိုက်မှုရှိတယ်လို့တော့ ကျွန်တော်တို့ ကြားသိရတယ်” ဟု မဟာမိတ်ဆက်ဆံရေးတာဝန်ခံက ပြောဆိုသည်။

စသုံးလုံးရုံးကို ဗုံးချတိုက်ခိုက်မှုတွင်မူ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထားဝယ်မြို့ခံတစ်ဦးကမူ တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် မျက်နှာချင်းဆိုင်ရှိ ဟိုတယ်ထားဝယ်ဝင်းအတွင်း ဒရုန်းဗုံး ကျရောက် ပေါက်ကွဲသည်ဟု ကြားသိရကြောင်း ပြောသည်။

ပေါက်ကွဲမှုကြောင့် ဟိုတယ်ဝင်းအတွင်းရှိ ကားသုံးစီး ထိခိုက်ပြီး ဟိုတယ်လုံခြုံရေးဝန်ထမ်းတစ်ဦး မျက်နှာတွင် ဗုံးအစ ရှပ်ထိကာ ဟိုတယ်ဝင်းထဲရှိနေသည့် ရဲနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“တိုင်းရဲရုံးကို ချတာ ဟိုတယ်ကို ထိသွားတဲ့သဘောလို့ ထင်တယ်။ (ကားတွေ) မှန်ကွဲ၊ တာယာကွဲ၊ ဘောနက်ဖုံးထိတယ်လို့ မျက်မြင်တွေ့တဲ့လူက ပြောတယ်” ဟု ၎င်းက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထားဝယ်မြို့ခံ လုပ်ငန်းရှင်နှစ်ဦး၏ ကားနှစ်စီးနှင့် မြန်မာ့ကမ်းလွန်ရှိ ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းပိုင် ကားတစ်စီး ဗုံးစထိမှန်ပျက်စီးသည်ဟု သိရကြောင်း အထက်ပါမြို့ခံက ပြောဆိုသည်။

မဟာမိတ်ဆက်ဆံရေးတာဝန်ခံကမူ စသုံးလုံး (စစစ) ရုံးနှင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးတို့ကိုသာ ပစ်မှတ်ထား ဗုံးချတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

“အဲဒီဘက်က အထူးစုံစမ်းစစ်ဆေးရေးဌာနရုံးကို ချခဲ့တာတော့ရှိပါတယ်။ ထားဝယ်ဟိုတယ်ကိုတော့ ချစရာ အကြောင်းမရှိပါဘူးနော်” ဟု ၎င်းက ပြောသည်။

တိုင်းရဲတပ်ဖွဲ့မှူးရုံးသည် တနင်္သာရီတိုင်း စစ်ကော်မရှင်ရုံး (တိုင်းအစိုးရအဖွဲ့ရုံး) မှာ တစ်မိုင်ကျော် အကွာတွင် တည်ရှိသည်။

ထားဝယ်မြို့ခံနောက်တစ်ဦးကလည်း ဒရုန်းပျံလာပြီးနောက် ပေါက်ကွဲသံ သုံးကြိမ်ကြားရကာ တိုင်းရဲရုံးဘက်ကို ဗုံးချတိုက်ခိုက်သည်ကိုသိရပြီး ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို မသိရကြောင်း ပြောဆိုသည်။

“မနက်ပိုင်း ဒရုန်းပျံလာတော့ ရဲတွေပျာယာခတ်နေပြီး (ဗုံး) ကျတယ်လို့တော့ သိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်အချို့တွင်လည်း မတ်လ ၁၄ နံနက် ၉ နာရီခန့်ကလည်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးချခံရသေးကြောင်း ရေးသားနေကြသည်။

ထို့အပြင် မတ်လ ၁၅ ရက်နံနက်တွင် ထားဝယ်မြို့အဝင်အထွက်ရှိ ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ် ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ ၃၃/၃၄ လက်အောက်ခံ တော်လှန်ရေးတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။

ဟိုတယ်ထားဝယ်ပိုင်ရှင်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စီးပွားဖက်ဖြစ်သော အသက် ၅၅ နှစ်ဝန်းကျင်အရွယ် ဦးထွန်းမင်းလတ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထိုနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ထိုင်းတရားရုံးက တရားသေ ပြန်လွှတ်ပေးခဲ့သည်။

ဟိုတယ်ထားဝယ်နှင့် အနီးဝန်းကျင်တွင် တိုင်းရဲတပ်ဖွဲ့မှူးရုံးအပြင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး (စစစ) ၊ သတင်းရဲတပ်ဖွဲ့ (SB) ၊ ထားဝယ်အကျဉ်းထောင် စသည့် စစ်အာဏာရှင်တပ် လက်အောက်ခံရုံး အများအပြားရှိသည်။