အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက အီရန်စစ်ပွဲကို စိုက်ပျိုးလိုက်ချိန်ကစပြီး စစ်ပွဲရဲ့ ကဏ္ဍအလုံးစုံနီးပါးအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီစစ်ပွဲကို စတင်ရတဲ့ ကနဦးအကြောင်းပြချက် ၊ ထရမ့်အစိုးရရဲ့ စစ်ပွဲရပ်တန့်ရေးမဟာဗျူဟာနဲ့ စစ်ပွဲပြီး အခင်းအကျင်း – စတာတွေပါ။
သမ္မတထရမ့်နဲ့ သူ့ရဲ့ အရာရှိတွေဟာ ရှေ့နောက်မညီတဲ့ အဖြေတွေ ပေးနေတာကြောင့် မေးခွန်းတွေက ဆက်ရှိနေပါတယ်။ အီရန်ကို အဏုမြူလက်နက်မထုတ်နိုင်အောင် တားဆီးဖို့ဆိုတဲ့ အကန့်အသတ်ပါ ရည်ရွယ်ချက်ကနေ လူထုအုံကြွမှုမှနေ၍ အီရန်အစ္စလာမ္မစ်အစိုးရကို ဖြုတ်ချဖို့ဆိုတဲ့ အမြင့်ဆုံး ရည်မှန်းချက်အထိ အမျိုးမျိုးအဖြေတွေ သမ္မတထရမ့်နဲ့ သူ့ရဲ့ အရာရှိတွေဟာ ပေးနေလို့ပါ။
ဒီစစ်ဆင်ရေးရဲ့ တစ်ခုသော အရာကိုတော့ ထရမ့်ဘက်က အစကတည်းက မှန်မှန်ကန်ကန် တိတိကျကျ ပြောခဲ့တာတစ်ခု ရှိပါတယ်။ ဒီစစ်ပွဲ မြန်မြန်နဲ့ ပြီးမှာမဟုတ်ဘူး ဆိုတာပါပဲ။
အီရန်ကို စစ်ဆင်ရေးစတင်ကြောင်း ကြေညာချိန်မှာ ထရမ့်က အမေရိကန်စစ်သားတွေ ထိခိုက်သေဆုံးနိုင်ခြေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာတော့ စစ်ပွဲဟာ “လေးပတ်ကနေ ငါးပတ်အထိ” ကြာနိုင်သလို လိုအပ်ရင် “ဒီထက် အများကြီး ပိုကြာနိုင်တယ်” လို့လည်း သူက မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ မကြာသေးခင်က Axios သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ထရမ့်ဟာ စစ်ပွဲ မကြာခင် ပြီးဆုံးတော့မယ်ဆိုတာကို ပြောလိုက်ပါတယ်။ ပြီးတော့ “စစ်ပွဲကို ကျွန်တော် ရပ်ချင်တဲ့အချိန်မှာ စစ်ပွဲက ရပ်သွားလိမ့်မယ်” လို့လည်း ပြောပါတယ်။ စစ်ပွဲအမြန်ပြီးမယ်ဆိုတဲ့ သူ့ ပြောဆိုမှုတွေဟာ စစ်ရေးအခြေအနေကို အရှိအတိုင်း သုံးသပ်တာထက် နိုင်ငံရေးအရ သတင်းစကားအချက်ပြဖို့ ပိုရည်ရွယ်ပုံရပါတယ်။
စစ်နိုင်ပြီလို့ အဆောတလျင် ကြေညာတာမျိုးက ငွေကြေးဈေးကွက်ကို တည်ငြိမ်စေပြီး ပြည်တွင်းက လူထုကို စိတ်အေးစေနိုင်ပေမဲ့ ပဋိပက္ခကို ဖြစ်စေတဲ့ အရင်းခံအကြောင်းတရားတွေကိုတော့ ပြေလည်သွားစေမှာ မဟုတ်ပါဘူး။ စစ်ရေးအရ အရှိန်မြှင့်လာတာ၊ ဒေသတွင်းက တုံ့ပြန်တိုက်ခိုက်မှုတွေနဲ့ မပြေလည်သေးတဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေဟာ နိုင်ငံရေးအရ ကြေညာချက်တွေထက် ပိုပြီး အချိန်ကြာမြင့်တတ်ပါတယ်။
နိုင်ငံအချင်းချင်းအကြား ဖြစ်ပွားတဲ့ စစ်ပွဲအများစုဟာ အချိန်တိုတောင်းလေ့ရှိပါတယ်။ အခုလက်ရှိ လေးနှစ်ထဲ ဝင်လာတဲ့ ယူကရိန်းစစ်ပွဲကတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးပါ။ ပြီးခဲ့တဲ့ ရာစုနှစ်နှစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံအချင်းချင်းကြားက စစ်ပွဲအများစုဟာ လေးလကနေ ငါးလထက် ပိုမကြာတတ်ဘူးလို့ The Correlates of War Project ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
စစ်ပွဲအများစုကတော့ ဒီထက်အများကြီး ပိုလို့တောင် အချိန်တိုတောင်းခဲ့ပါတယ်။ ဒီလို စစ်ပွဲတွေထဲမှာ ၂၀၂၅ ဇွန်လက အမေရိကန် ၊ အစ္စရေးနဲ့ အီရန်အကြား ဖြစ်ခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲလည်း ပါပါတယ်။ ဒါပေမဲ့ အချိန်ကြာညောင်းတဲ့ စစ်ပွဲတွေလည်း ရှိပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေက အီရန်-အီရတ်စစ်ပွဲဟာ ရှစ်နှစ်ကြာအောင် တိုက်ခဲ့ရပြီး စစ်သားပေါင်းတစ်သန်းကျော် သေဆုံးခဲ့ရပါတယ်။
ကြံ့ကြံ့ခံ တီဟီရန်
အီရန်အစိုးရ ပြိုလဲသွားဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းပါတယ်။ အီရန်အစိုးရဟာ ရေနံကရတဲ့ ဝင်ငွေအပြင် ဆယ်စုနှစ်များစွာ တည်ဆောက်လာခဲ့တဲ့ စီးပွားရေး ၊ နိုင်ငံရေးအဆက်အသွယ်တွေနဲ့ အသက်ဆက်နေတဲ့ အင်စတီကျူးရှင်းအရ ခိုင်မာအားကောင်းတဲ့ ကွန်ရက်ကြီးတစ်ခု ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ရဲ့ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ သေဆုံးသွားခဲ့ပေမဲ့လည်း အီရန်အစိုးရက ပြိုကွဲမသွားခဲ့ပါဘူး။
အီရန်အစိုးရဟာ ယာယီခေါင်းဆောင်မှုဆီ အသွင်ကူးပြောင်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လမ်းကြောင်းအတိုင်း အလျင်အမြန် ဆောင်ရွက်ခဲ့ပါတယ်။ အသတ်ခံလိုက်ရတဲ့ ထိပ်သီးခေါင်းဆောင်ရဲ့သားဖြစ်သူ မိုဂျတာဘာ ခါမေနီကို ထိပ်သီးခေါင်းဆောင်သစ်အနေနဲ့ အမေရိကန်နဲ့ အစ္စရေးကို အာခံပြီး ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ သူ့လက်အောက်ခံ ဘာဆစ်ဂျ် (Basij) တပ်ဖွဲ့တွေဟာ ကိုယ့်ထက် အင်အားကြီးတဲ့ ရန်သူတွေနဲ့ စစ်ဖြစ်နေပေမဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရှိတာကို ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို အတွေးအခေါ်ပိုင်းဆိုင်ရာ စိစစ်ရွေးချယ်မှုတွေနဲ့ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကျစ်လျစ်ခိုင်မာအောင် လုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။
အစ္စလာမ္မစ်သမ္မတနိုင်ငံကို အသက်ပေးကာကွယ်မယ့်သူတွေ ဖြစ်လာအောင် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက အီရန်ရဲ့ စစ်ရေးနဲ့ စီးပွားရေး အခြေခံအဆောက်အအုံတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ အီရန်အစိုးရ ပြုတ်ကျသွားတာမျိုး ဖြစ်မလာနိုင်ပါဘူး။ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ရဲ့ တိုက်ပွဲဝင်လိုစိတ်ကိုလည်း ချိုးနှိမ်နိုင်မှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ် ဇွန်လက အမေရိကန်၊ အစ္စရေးတို့နဲ့ ၁၂ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ စစ်ပွဲကနေ အီရန်ဟာ သင်ခန်းစာတချို့ ရသွားပါတယ်။ အဲဒီစစ်ပွဲနောက်ပိုင်း လတွေမှာတော့ အီရန်ရဲ့ စစ်တပ်နဲ့ လုံခြုံရေးအင်စတီကျူးရှင်းတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ပြန်မြှင့်တင်လာခဲ့ပါတယ်။ ပိုကြီးမားကျယ်ပြန့်တဲ့ ထိပ်တိုက်ပဋိပက္ခတွေအတွက် ပြင်ဆင်လာခဲ့ကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို စစ်ပွဲရဲ့ ပထဝီအရွယ်အစားကို ကျယ်ပြန့်စေတဲ့ နည်းနဲ့ အီရန်က တုံ့ပြန်ခဲ့ပါတယ်။ ပင်လယ်ကွေ့အာရပ်နိုင်ငံတချို့ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့သလို၊ ဟော်မုဇ်ရေလက်ကြားကိုလည်း ပိတ်ပစ်တဲ့နည်းနဲ့ အီရန်က တုံ့ပြန်ခဲ့ပါတယ်။
အကြီးစားတိုက်ခိုက်မှုတွေ ရပ်တန့်သွားရင်တောင်မှ မဟာမိတ်နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံတွေကို အကန့်အသတ်နဲ့ တိုက်ခိုက်တာ ၊ဒါမှမဟုတ် ရေနံနဲ့ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ရေလမ်းကြောင်းတွေကို နှောင့်ယှက်တာမျိုးကနေတစ်ဆင့် အီရန်ဟာ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေကို ဖိအားပေးနိုင်စွမ်း ရှိနေဦးမှာပါ။
စီးပွားရေးအရ ဆိုးကျိုး
ထရမ့် လိုလားတဲ့ စစ်ပွဲကြာချိန်က ဘယ်လိုပဲ ရှိနေပါစေ။ စစ်ပွဲတစ်ခုကို တိုတိုတောင်းတောင်းနဲ့ ပြီးဆုံးစေနိုင်တဲ့ အချက်တွေဖြစ်တဲ့ စစ်ရေးအရ အပြတ်အသတ် အသာစီးရတာ ၊ ရန်သူဘက်က ဆွေးနွေးလိုတဲ့ စိတ်ဆန္ဒ ၊ ရှင်းလင်းတဲ့ နိုင်ငံရေးရည်မှန်းချက်ရှိတာတွေက ဒီပဋိပက္ခမှာ သိသိသာသာကို ပျောက်ဆုံးနေပါတယ်။
စစ်ပွဲကြာချိန်နဲ့ ပတ်သက်ရင် အစ္စရေးရဲ့ စစ်ရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကလည်း အကောင်းမြင်မှု ပိုနည်းတာကို ဖော်ပြထားကြပါတယ်။ အီရန်ရဲ့ စစ်ရေးစွမ်းဆောင်ရည်ကို အားပျော့သွားအောင် လုပ်ဖို့ဆိုရင် ရေရှည်စစ်ဆင်ရေးတွေ လိုအပ်မယ်လို့ သူတို့က အရိပ်အမြွက် ပြောနေကြပါတယ်။ အစ္စရေးဘက်ကကြည့်ရင် သူတို့ရဲ့ စစ်ရေးရည်မှန်းချက်ဟာ အီရန်ရဲ့ ရေရှည်မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတွေကို လျှော့ချပစ်ဖို့ပဲ ဖြစ်ပါတယ်။
ဝါရှင်တန်ရဲ့ နိုင်ငံရေးအရ သတင်းစကားအချက်ပေးပြောဆိုမှုတွေနဲ့ အစ္စရေးရဲ့ လက်တွေ့စစ်ဆင်ရေး မျှော်လင့်ချက်တွေကြားက ကွဲလွဲမှုဟာ ဒီစစ်ပွဲရဲ့ ဦးတည်ရာလမ်းကြောင်းကို ပိုမရေမရာ ဖြစ်စေပါတယ်။
ဒီစစ်ပွဲကြောင့် ဖြစ်လာတဲ့ စီးပွားရေးနောက်ဆက်တွဲဆိုးကျိုးတွေကလည်း တစ်ကမ္ဘာလုံးကို တုန်လှုပ်နေစေခဲ့ပြီးသား ဖြစ်ပါတယ်။ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြားဟာ စစ်ပွဲရဲ့ အဓိကလည်မျိုနဲ့ ဗဟိုချက်အဖြစ် ပေါ်ထွက်လာနေပါတယ်။
ဒါကြောင့် ရေနံထုတ်လုပ်တဲ့နိုင်ငံတွေက အရန်ရေနံတွေ ထုတ်ပေးနေပေမဲ့လည်း ရေနံဈေးကွက် မတည်မငြိမ်ဖြစ်ပြီး ရေနံဈေးနှုန်းတွေ တက်လာပါတယ်။ ပင်လယ်ကွေ့ဒေသမှာ မတည်ငြိမ်မှုတွေ ကြာရှည်နေဦးမယ်ဆိုတဲ့ အမြင်နဲ့တင်ပဲ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တွေကို ရိုက်ခတ်စေနိုင်ပါတယ်။ လောင်စာဆီဈေး၊ ငွေကြေးဖောင်းပွမှုခန့်မှန်းချက်တွေနဲ့ ငွေကြေးဈေးကွက်တွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို လက်နက်သဖွယ် အသုံးချပြီး ကမ္ဘာ့စွမ်းအင်စီးဆင်းမှုတွေကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်း ရှိနေဆဲပါ။ စီးပွားရေးမျက်နှာစာကကြည့်ရင် အမေရိကန်တွေအဖို့ စစ်ရေးအရ ဖိအားတွေပေးနေသလို တစ်ဖက်မှာလည်း သူတို့ဘက်က အထိန်းအကွပ်ရှိတယ်ဆိုတာမျိုး ပြသဖို့ ပိုတွန်းအားဖြစ်စေပါတယ်။
စစ်ပွဲရဲ့ ဆက်စပ်အရှုပ်အယှက်တွေက ပိုကြီးထွားလာနေပါတယ်။အမေရိကန် စစ်အခြေစိုက်စခန်းတွေရဲ့ တည်နေရာ ထောက်လှမ်းရေးသတင်းတွေကို ရုရှားက အီရန်ဆီ မျှဝေနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ ယူကရိန်းစစ်ပွဲတစ်လျှောက်လုံးမှာ စီးပွားရေးနဲ့ နည်းပညာအထောက်အကူပုံစံမျိုးနဲ့ ရုရှားကို ကူညီခဲ့သလိုမျိုး တရုတ်က အီရန်ဘက်က ကူညီလာနိုင်တယ် ၊ ကူညီနေလောက်ပြီဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ ရုရှားက သုံးနေတဲ့ အီရန်ထုတ် ဒရုန်းတွေကို တန်ပြန်ဖို့အတွက် ယူကရိန်းရဲ့ အကူအညီကို အမေရိကန်က တောင်းခံထားတယ်လို့လည်း သတင်းထွက်နေပါတယ်။
နိုင်ငံတစ်ခု စည်းလုံးခြင်း
အီရန်နဲ့ စစ်ဖြစ်ရာမှာ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေကိုပါ ဆွဲထည့်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် ဒါဟာ ပဋိပက္ခကို ပိုပြီးရှုပ်ထွေးစေမှာဖြစ်သလို စစ်ပွဲကိုလည်း ပိုကြာသွားစေပါလိမ့်မယ်။ မကြာသေးခင်ကပဲ ကာ့ဒ်အဖွဲ့ ၆ ဖွဲ့ကနေ မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပါတယ်။
အီရန်ရဲ့ အနောက်ဘက်နယ်စပ်ကနေ ဝင်ရောက်တိုက်ခိုက်ဖို့ သူတို့ကို လက်နက်တပ်ဆင်ပေးဖို့ ဖြစ်နိုင်ခြေကို ဝါရှင်တန်က လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ ဒီဖြစ်နိုင်ခြေကို ပယ်ချခဲ့ပါတယ်။ အီရန်နိုင်ငံထဲမှာ ကာ့ဒ်အဖွဲ့တွေကို ဖြန့်ကျက်ချထားဖို့ အမေရိကန်မှာ အစီအစဉ်မရှိဘူးလို့ သူ ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ စစ်ပွဲထဲ ကာ့ဒ်အဖွဲ့တွေ ပါဝင်လာနိုင်ခြေနဲ့ ပတ်သက်လို့ ထင်ကြေးပေးမှုတွေကတော့ မရပ်သွားပါဘူး။ ကာ့ဒ်ခေါင်းဆောင် တော်တော်များများကတော့ သူတို့ဟာ ခွဲထွက်ဖို့ ကြိုးပမ်းနေတာမဟုတ်ဘဲ ပိုကျယ်ပြန့်တဲ့ အီရန်အမျိုးသားဝိသေသလက္ခဏာရဲ့ အစိတ်အပိုင်းအနေနဲ့ ခံယူထားတယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။
ပြင်ပအင်အားကြီးနိုင်ငံတွေက အီရန်နိုင်ငံထဲက တိုင်းရင်းသားလူနည်းစုတွေကို လက်နက်တပ်ဆင်ပေးနေတယ်ဆိုတဲ့ အမြင်နဲ့တင်ပဲ အခြေအနေကို မီးလောင်ရာလေပင့် ဖြစ်စေပါလိမ့်မယ်။
ဒါဟာ အီရန်အစိုးရရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုအားကောင်းသွားစေနိုင်ပါတယ်။ အီရန်အစိုးရကို ဆန့်ကျင်ပေမယ့် တိုင်းပြည်ပြိုကွဲမှာ ၊ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးမှုအောက် ရောက်သွားမှာကို စိုးရိမ်တဲ့ အီရန်ပြည်သူတွေကိုလည်း အီရန်အစိုးရဘက်ကနေ ရပ်လာအောင် လုပ်သလို ဖြစ်သွားပါလိမ့်မယ်။
အစိုးရအပေါ် လူထုနာကြည်းစိတ်ကို အမျိုးသားရေးစိတ်ဓာတ်က ယာယီအသာစီးရသွားနိုင်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေက အီရန်-အီရတ်စစ်ပွဲတုန်းကလိုပါ။ အဲဒီတုန်းက အီရန်အစိုးရဟာ ပြည်သူတွေရဲ့ ဒေါသကို ပြင်ပရန်သူဆီ အောင်အောင်မြင်မြင် လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ လူအင်အား အမြောက်အမြားကိုလည်း စစ်တပ်ထဲဝင်အောင် အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူနေအဆောက်အအုံတွေ ပျက်စီးတာ၊ အရပ်သားတွေ သေဆုံးတာ ၊ တိုင်းပြည်ရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်တာတွေ ဖြစ်လာတာကြောင့် အီရန်ပြည်သူတွေဟာ သူတို့နိုင်ငံတော်အလံအောက်မှာ စုစည်းရပ်တည်လာနိုင်ပါတယ်။
ဒီလိုမျိုး ပြောင်းလဲနိုင်တဲ့ အချက်အလက်ပေါင်းစုံကို တွက်ဆကြည့်ရင် ထရမ့်ရဲ့ ပြောဆိုချက်တွေဟာ တစ်ဖက်ကလည်း အသာစီးရအောင်၊ နောက်တစ်ဖက်ကလည်း ဆုံးရှုံးမှုနည်းအောင် ကြိုတင်ပြင်ဆင်ထားတဲ့ မဟာဗျူဟာမြောက် နည်းလမ်းတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။
စစ်ပွဲကို အမြန်နိုင်မယ်လို့ တစ်ဖက်ကပြောပြီး၊ တခြားတစ်ဖက်မှာတော့ ရေရှည်တိုက်ပွဲအတွက် နိုင်ငံရေးအရ ပြင်ဆင်နေတာဟာ ထရမ့်အစိုးရအနေနဲ့ ငွေကြေးဈေးကွက်၊ ပြည်တွင်းနိုင်ငံရေးမဟာမိတ်တွေနဲ့ နိုင်ငံတကာမိတ်ဖက်တွေရဲ့ မျှော်လင့်ချက်တွေကို ကိုင်တွယ်ထိန်းညှိဖို့ ကြိုးစားနေတာ ဖြစ်ပုံရပါတယ်။
အခုလို တိတိကျကျမရှိဘဲ ဝေဝေဝါးဝါး ဖြစ်နေတာကတင် စစ်ပွဲကို ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရှာဖွေရာမှာ ပိုပြီးခက်ခဲစေနိုင်ပါတယ်။ ဒီအချက်တွေအားလုံးဟာ အမေရိကန်နဲ့ အစ္စရေးဘက်က တာဝန်ရှိသူတွေကို သူတို့ ထာဝရ ရှောင်လွှဲနေလို့ မရနိုင်တဲ့ မေးခွန်းတစ်ခုနဲ့ ရင်ဆိုင်စေပါလိမ့်မယ်။
အဲဒီမေးခွန်းကတော့ “သူတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေဟာ ဘာပဲဖြစ်နေပါစေ၊ အဲဒီစစ်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်က ကြာညောင်းပြင်းထန်လှတဲ့ စစ်ပွဲတစ်ပွဲရဲ့ အရင်းအနှီးနဲ့ တန်ရဲ့လား” ဆိုတာပါပဲ။
ဈာန်ဟိန်း
(Time မဂ္ဂဇင်းပါ Why the War with Iran Could Be a Long One ဆောင်းပါးကို မူရင်းအာဘော်မပျက် ဘာသာပြန်သည်)







