ကော်သူးလေတပ်(KTLA) ဆာကဆောတပ်မမှ တပ်မမှူး ဗိုလ်စောအယ်ခွီး (ခ) ကော်လဖိုး ဦးဆောင်သည့် တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗထူးတပ်မှ ရဲဘော် ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗထူးတပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၁၄ ရက်တွင် မောတောင်မြို့သိမ်းတိုက်ပွဲ ရှေ့တန်းမှနေ၍ ထားဝယ်ခရိုင်သို့ ပြန်လာသည့် ဗထူးတပ်ဖွဲ့ဝင်များ စီးနင်းလာသောကားကို ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မက ရည်ရွယ်ချက်ရှိရှိ ချုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ ဗထူးတပ်မှ ရဲဘော် ၂ ဦး နေရာတွင်ပင် သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၂ ဦးပျောက်ဆုံးနေကြောင်း ဗထူးတပ်မှ တပ်ရင်းမှူး မမကြီးက ပြောသည်။
ပျောက်ဆုံးနေသည့် ရဲဘော်နှစ်ဦးကို လိုက်လံရှာဖွေရာ ဖမ်းဆီးခံရပြီး ရိုက်နှက်ညှင်းပန်း နှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ရသည်ဟု တပ်ရင်းမှူး မမကြီးက ပြောသည်။
“နှစ်ယောက်ကို အရှင်ဖမ်းမိတဲ့အချိန်မှာ သူတို့က ဗထူးက PDF ဆိုတာလည်း သိတယ်၊ ယူနီဖောင်းတွေ ဘက်တံဆိပ်တွေနဲ့ပါ။ တော်လှန်ရေးရဲဘော်တွေဆိုတာလည်း သိလျက်သားနဲ့ အရှင်ဖမ်းမိတဲ့ နှစ်ယောက်ကို လုံးဝ မသေမချင်း ရိုက်တယ်၊ ပြီးမှသတ်လိုက်တာ” ဟု တပ်ရင်းမှူး မမကြီးက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက နိုဝင်ဘာ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းယူထားပြီး အဆိုပါပူးပေါင်းတပ်တွင် ဗထူးတပ်မှ တပ်ဖွဲ့လည်း ပါဝင်သည်ဟု ဆိုသည်။
ဗထူးတပ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄)၊ KNU တပ်မဟာ (၆) လက်အောက်ရှိ KNLA တပ်များနှင့် မဟာမိတ်ဆက်ဆံရေးရှိနေသဖြင့် မဟာမိတ်အဖွဲ့များကိုပါ ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် ဆာကဆောတပ်မက ရန်သူသဖွယ် သတ်မှတ်ကာ ပစ်ခတ်တိုက်ခိုက်နေခြင်းလောဟု မမကြီးက မေးခွန်းထုတ်သည်။
KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင်မူ ဗိုလ်စောအယ်ခွီး ဦးဆောင်သော KTLA တပ်ဖွဲ့က ထားဝယ်အရှေ့တောဒေသ၊ ဘန်းချောင်ကျေးရွာ အုပ်စုအတွင်းရှိ သမီးပေါ်သော (ဟင်းကပိ) ကျေးရွာနှင့် ကနဲဃော (ပျားသားချောင်း) ကျေးရွာကြားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဗထူးတပ်မှ ရဲဘော် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသည်ဟု ထုတ်ပြန်ထားသည်။
KNU ၏ ထုတ်ပြန်ချက်တွင် ၆ ဦးသေဆုံးသည်ဟု ဖော်ပြထားသော်လည်း သက်ဆိုင်တာ တပ်ရင်းကို မေးမြန်းရာတွင် ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ဟုသာပြောဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် KTLA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးစောသက်နိုင်လင်းနှင့် ဗိုလ်စောအယ်ခွီး အပါအဝင် ဆာကဆောတပ်မ၏ လူမှုကွန်ရက်စာမျက်နှာသို့ Dawei Watch က စာပေးပို့ခြင်း၊ ဖုန်းဆက်သွယ်ခေါ်ဆိုခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။
KNU/KNLA နှင့် PDF ပူးပေါင်းတပ်များက သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့်နေရာသို့ စစ်ကူသွားရန် ထွက်လာသည့် KNLA တပ်ရင်း (၁၂) တပ်ဖွဲ့ဝင်များ စီးနင်းလာသောကားကို ဖောင်းတောနှင့် ပျားသားချောင်းရွာကြားတွင် ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် ဆာကဆောတပ်မက မတ်လ ၄ ရက်တွင် ချုံခိုတိုက်ခိုက်ခဲ့သဖြင့် KNLA တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
မတ်လ ၆ ရက်တွင် ပျားသားချောင်းနှင့် မောင်းမထူးကျေးရွာကြားရှိ တောင်ပေါ်တွင် လမ်းပြင်နေသည့် KNU အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် KNLA တပ်ရင်း (၁၂) တပ်ဖွဲ့ဝင် ၂ ဦးကို KTLA ဆာကဆောတပ်မမှ ဗိုလ်စောအယ်ခွီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျောက်တွင်းရွာဘက်တွင်လည်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
မတ်လ ၁၃ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ်အနီး ထီးမိုပွာဒေသရှိ KNLA ၏ ဘောဓိ-အမိုနယ်စပ်လုံခြုံရေးဂိတ်ကို KTLA လက်အောက်ခံ ဗိုလ်အယ်ခွီး ဦးဆောင်သည့် ဆာကဆောတပ်မတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က သတင်းများ ထုတ်ပြန်ထားသည်။







