အီရန်က ပိတ်ထားသည့် ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် မဟာမိတ်နိုင်ငံများက စစ်သင်္ဘောများ စေလွှတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုထားသော်လည်း ယင်းသို့ စစ်သင်္ဘောများ စေလွှတ်ရန် အစီအစဉ်မရှိကြောင်း ဂျပန်နှင့် ဩစတြေးလျက ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ပြောဆိုလိုက်သည်။
ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းမည့် သင်္ဘောများကို လိုက်ပါအကာအကွယ်ပေးရန်အတွက် စစ်သင်္ဘောများ စေလွှတ်ရန် နိုင်ငံပေါင်း ၇ နိုင်ငံသို့ ဆက်သွယ်အကူအညီတောင်းခံထားပြီး ဖြစ်ကြောင်း သမ္မတထရမ့်က တနင်္ဂနွေနေ့က ဆိုသည်။
သို့ရာတွင် မည်သည့်နိုင်ငံများကို ဆက်သွယ်အကူအညီတောင်းခံထားကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
သို့ရာတွင် တရုတ် ၊ ပြင်သစ် ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ ဗြိတိန်နှင့် အခြားနိုင်ငံများ ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက လူမှုကွန်ရက်ပေါ်၌ ကနဦး ဖော်ပြခဲ့သည်။
အစောပိုင်းတွင် လူမှုကွန်ရက်ပေါ်၌ တင်ခဲ့သည့် ပို့စ်တစ်ခုတွင်မူ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အခြားနိုင်ငံများ ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
ထရမ့်၏ တောင်းဆိုမှုကို လက်ခံကူညီမည်ဖြစ်ကြောင်း မည်သည့်နိုင်ငံကမျှ ကတိပြုပြောဆိုခြင်း မရှိသေးပေ။
လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ သင်္ဘောများကို အစောင့်အရှောက်လိုက်ပါပေးရန် ဂျပန်ရေတပ်ကို စေလွှတ်ရန် အစီအစဉ်မရှိသေးကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကအိချိက လွှတ်တော်၌ ပြောကြားခဲ့သည်။
“အစောင့်အရှောက်သင်္ဘောတွေ စေလွှတ်ဖို့နဲ့ ပတ်သက်ပြီး ကျွန်မတို့ ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး။ ဂျပန်အနေနဲ့ သီးခြားလွတ်လပ်စွာ ဘာတွေလုပ်ဆောင်နိုင်မလဲ၊ ဥပဒေဘောင်အတွင်းကနေ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကိုပဲ ဆက်လက်ဆန်းစစ်နေဆဲ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
အမေရိကန်ဘက်က တရားဝင် အကူအညီတောင်းခံလာခြင်းမျိုး မရှိသေးကြောင်းလည်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသို့ စစ်သင်္ဘောများစေလွှတ်ပေးရန် အမေရိကန်အစိုးရဘက်က တရားဝင်တောင်းဆိုချက်တစ်စုံတစ်ရာ လက်ခံရရှိထားခြင်းမရှိသေးကြောင်း ဩစတြေးလျအစိုးရကလည်း ဆိုသည်။
“ကျွန်မတို့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောစေလွှတ်မှာ မဟုတ်ပါဘူး” ဟု ဩစတြေးလျသယ်ယူပို့ဆောင်ရေးဝန်ကြီး ကက်သရင်းကင်းက ဆိုသည်။
“ဒီရေလမ်းကြောင်းဟာ အင်မတန်အရေးကြီးတယ်ဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒါပေမဲ့ ဒါဟာကျွန်မတို့ဆီ အကူအညီပေးဖို့ တောင်းဆိုထားတာမျိုးလည်း မရှိသလို ကျွန်မတို့အနေနဲ့လည်း ပါဝင်ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး” ဟု သူမက ဖြည့်စွက်ပြောဆိုခဲ့သည်။
အမေရိကန်နှင့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားသည်။
ယင်းကြောင့် ကမ္ဘာ့စွမ်းအင်နှင့် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အင်မတန် ဆိုးရွားလှသည့် ထိခိုက်မှု ဖြစ်ပေါ်နေပြီး သမိုင်းတလျှောက် အကြီးမားဆုံး ရေနံထောက်ပံ့တင်ပို့မှုပြတ်တောက်ခြင်းနှင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းတို့ ဖြစ်ပေါ်လျက် ရှိသည်။
Source: The Guardian







