စစ်အုပ်စုက စိတ်ကြိုက်ပုံဖော်ထားသော ပြည်သူ့လွှတ်တော်ကို ယနေ့ (မတ် ၁၆) တွင်စတင်ခေါ်ယူလိုက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ရွေးချယ်တင်မြှောက်လိုက်သည်။
ဦးခင်ရီသည် စစ်အာဏာရှင်တပ်တွင် ဗိုလ်မှူးချုပ်အဆင့်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဖွဲ့စည်းသည့် အိမ်စောင့်အစိုးရအဖွဲ့တို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး အဖြစ်လည်း တာဝန်ယူခဲ့သေးသည်။
စစ်အာဏာသိမ်းပြီးနောက် ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ၏ တတိယအကြိမ် ညီလာခံအပြီးတွင် ဦးခင်ရီက ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပြီး စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲကို နေပြည်တော်၊ ဇေယျာသီရီမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြည်သူ့လွှတ်တော် ဒုက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီမှ စစ်အုပ်စုရွေးကောက်ပွဲကို နေပြည်တော်၊ တပ်ကုန်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမောင်မောင်အုန်းကို ရွေးချယ်ခဲ့သည်။
ဦးမောင်မောင်အုန်းသည် စစ်ကော်မရှင်တွင် လက်ရှိ ပြန်ကြားရေးဝန်ကြီး နေရာယူထားသူဖြစ်ပြီး စစ်အာဏာရှင်တပ်မှ ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်း ဖြစ်သည်။
စစ်အာဏာရှင်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ထွက်ပေါ်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နေသော ပြည်သူ့လွှတ်တော်မှာလည်း စစ်အုပ်စု စိတ်ကြိုက်ပုံဖော်မည့် လွှတ်တော်သာဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် စစ်အုပ်စု၏ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ၂၃၁ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးနှင့် ကျန်ပါတီများက ၃၂ ဦး စုစုပေါင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇၃ ဦးရှိသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို တင်မြှောက်လိုက်ပြီဖြစ်၍ လက်ရှိအာဏာရပါတီ ဖြစ်သော ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီ၏ သမ္မတအိပ်မက် ပြီးဆုံးသွားပြီဖြစ်သည်။
ယင်းကိုကြည့်ခြင်းအားဖြင့် အာဏာရပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီတွင် အဆုံးအဖြတ်ပေးနိုင်သော ပါဝါမရှိဘဲ ဇာတ်ညွှန်းအတိုင်းသာ လိုက်ကနေရသော အခြေအနေတွင်ရှိနေကြောင်း ပေါ်လွင်နေသည်။
မြန်မာစစ်အုပ်စုက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည်မဟုတ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။







