ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းမြို့နယ် ရွှေဂူတောင်တံတားတွင် ပစ်ခတ်မှုဖြစ်

February 16, 2026

ပုံစာ - ရွှေဂူတံတားဂိတ်(ပုံဟောင်း)

သရက်ချောင်းမြို့နယ်၊ ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၁၅ ရက် ညပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။

မနေ့ ည ၇ နာရီခွဲတွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ယနေ့မနက်ပိုင်းတွင် မြိတ်-ထားဝယ် လမ်းပိုင်းကို ပိတ်ထားသည်ဟု ၎င်းတို့က ပြောသည်။

“ဒေသခံတွေ ထိခိုက်တယ်လို့ ပြောသံမကြားရဘူး။ ညနေ ၃ နာရီလောက်က ရှင်မုတ္ထီးဘက်ကို သွားတော့ ကားသုံးလေးစင်းတော့ ပိတ်မိနေတာတွေ့တယ်” ဟု စော်ဝရွာက လယ်သမားတစ်ဦးက ပြောသည်။

နှစ်ဖက်တပ်များက သရက်ချောင်းမြို့နယ် ဆင်ကူးရွာမှ မြိတ်မြို့အထိ မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်မှ စတင်ပိတ်ထားပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သရက်ချောင်းမြို့နယ်တွင် ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည်။

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်း တစ်လျှောက်တွင် နှစ်ဖက်တပ်များ စစ်ရေးတင်းမာနေကာ လမ်းကြောင်းပိတ်ဆို့မှုနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားမှုကြောင့် သတင်းအချက်အလက်များရရှိရန် အခက်အခဲရှိနေသည်ဟု ဒေသခံများက ဆိုသည်။

“ဦးလေးတို့ ရွာသားတွေအကုန် စစ်ဘေးရှောင်နေရတယ်။ မင်းဒပ်မှာ လေယာဉ်နဲ့ ဗုံးလာကြဲလို့ အကုန်ရှောင်နေရတယ်။ ဖုန်းလိုင်းတွေလည်း ဖြတ်ထားလို့ လိုင်းမိတဲ့နေရာရှာပြီး အခုဖုန်းဆက်လာတာပဲ။ စစ်ကြောင်းက ဘယ်ရောက်နေလဲ၊ အပြင်မှာ ဘာဖြစ်နေလဲ ဘာမှမသိရတော့ဘူး” ဟု ဝင်းဝစခန်းအနီး ဥယျာဉ်ခြံလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့နယ်အောက်ပိုင်းကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေပြီး ဖေဖော်ဝါရီလ ၁၀ ရက်တွင် သဲချောင်းကြီးရွာ၌ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် မင်းဒပ်ရွာကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အနီးဝန်းကျင်ရွာများကို လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကြောင်းထိုးနေမှု၊ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သရက်ချောင်းမြို့နယ် အထက်ပိုင်းနှင့် အောက်ပိုင်း မြိတ်-ထားဝယ်ကားလမ်း တစ်လျှောက်ရှိ ကျေးရွာတစ်ဆယ်ကျော်မှ အရပ်သားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။