မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် အပူပိုင်းမိုးသစ်တောကြီးများ တည်ရှိနေသည်အတွက် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသော နေရာတစ်ခုဖြစ်သည်။
တနင်္သာရီတိုင်းရှိ သစ်တောကြီးများတွင် ရှားပါးသစ်ပင်မျိုးစိတ်ပေါင်းများစွာကို ထိန်းသိမ်းထားသလို တိရစ္ဆာန်မျိုးစိတ်များစွာလည်း မှီတင်းနေထိုင်နေကြသည်။
ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသော တောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးငှက်မျိုးစိတ်များ မှီတင်းနေထိုင်ရာ အရပ်လည်းဖြစ်သည်။
သို့သော် တနင်္သာရီတိုင်းရှိ သစ်တောကြီးများမှာ ပျက်စီးဆုံးရှုံးလာနေပြီး ကာကွယ်တောများတွင်ပါ သစ်တောဆုံးရှုံးမှု မြင့်မားနေကြောင်းတွေ့ရသည်။
တနင်္သာရီတိုင်းတွင် ကာကွယ်တော ဧက ၅.၂ သန်းကျော်ရှိသဖြင့် ဧက ၅.၈ သန်းခန့်ရှိသော ကချင်ပြည်နယ်ပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်မှစ၍ တနင်္သာရီတိုင်းရှိ ကာကွယ်တောများ၏ သစ်တောဆုံးရှုံးမှုမှာ ကချင်ပြည်နယ်တွင် ဆုံးရှုံးသည်ထက် နှစ်ဆပိုများနေသည်။
ယင်းကြောင့် သစ်တောကြီးများအတွင်း မှီတင်းနေထိုင်ကြသည့် တောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးငှက်မျိုးစိတ်များလည်း ပျက်စီးဆုံးရှုံးလာနေသည်။
ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် မြိတ် ၊ ကော့သောင်း ခရိုင် အတွင်းရှိ သစ်တောကြိုးဝိုင်းများကို ကွင်းဆင်းလေ့လာနေသည့် ဇီဝသုတေသီတစ်ဦးနှင့် ဆက်သွယ်မေးမြန်း၍ ဖော်ပြလိုက်ပါသည်။
DW ။ ဟုတ်ကဲ့၊ အခုလက်ရှိ တနင်္သာရီတိုင်းထဲမှာ ရှိတဲ့ သစ်တောတွေရဲ့ အခြေအနေလေးကို သိချင်ပါတယ်။
ဖြေ ။ ကျွန်တော်တို့ တနင်္သာရီတိုင်း အောက်ပိုင်းမှာဆိုရင် အခုလောလောဆယ် သိသာထင်ရှားတဲ့ သစ်တောကြိုးဝိုင်း (၇) ခု ရှိပါတယ်ခင်ဗျ။ အဲဒါတွေကတော့ ပါချန် ၊ လေညာ၊ ငဝန်၊ တောင်ဖရူး၊ ငဝန်တိုးချဲ့၊ သိန်းခွန်းနဲ့ သကျက်ကြိုးဝိုင်းတွေပဲ ဖြစ်ပါတယ်။
DW ။ အဲဒီမှာ ကျွန်တော်တို့ ကြားဖူးသလောက်ဆိုရင် ရှားပါးတဲ့ ငှက်မျိုးစိတ်တွေ ရှိတယ်လို့ သိရပါတယ်။ အဲဒါလေးနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး။
ဖြေ ။ ကျွန်တော်တို့ဆီမှာ ပျောက်ကွယ်တော့မယ့် ငှက်မျိုးစိတ်တစ်ခုတည်း ဆိုတာထက် မသိသေးတဲ့မျိုးစိတ် တွေ အများကြီး ရှိပါတယ်။ အခု အဓိကအနေနဲ့ ကျွန်တော်တို့ သိထားတာကတော့ Gurney’s Pitta (ဂါနီပစ်တာ) လို့ခေါ်တဲ့ တောင်ငုံးရင်မဲ ငှက်မျိုးစိတ်ပါ။ ဒီကောင်က နိုင်ငံတကာငှက်ကြည့်သူတွေကြားမှာ အင်မတန်မှ ရေပန်းစားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပိုပြီးတော့ သိစေချင်တာက အောက်ချင်း ၊ အောင်လောင် ငှက် မျိုးစိတ်တွေ က တနင်္သါရီတိုင်း မှာပိုပေါတယ်ပေါ့လေ ။ များသောအားဖြင့် အရှေ့တောင်အာရှမှာ အောက်ချင်း၊အောင်လောင်ငှက်မျိုးစိတ်တွေက ၁၃ မျိုးရှိတယ် ။ ကျွန်တော်မြန်မာနိုင်ငံမှာက ၁၁ မျိုးရှိတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာတင် သီးသန့်ရှိနေတဲ့ အကောင်က (၉) မျိုးအထိ ရှိပါတယ်။အဲဒီအထဲကမှ တနင်္သာရီတိုင်း အောက်ပိုင်းမှာတင် ရှိတဲ့ Helmeted Hornbill (အောက်ချင်းမြီးရှည်) ဆိုတဲ့ အောက်ချင်းငှက်မျိုးစိတ်ဟာလည်းပဲ နိုင်ငံတကာ IUCN Red List (မျိုးတုံးပျောက်ကွယ်ရန် စိုးရိမ်ရသည့် စာရင်း) မှာ Critically Endangered (CR) မျိုးသုဥ်းရန်အန္တရာယ်ရှိတဲ့အဆင့် ရောက်နေတဲ့ မျိုးစိတ်တခုဖြစ်ပါတယ်။ ခုနကပြောတဲ့ တောင်ငုံးရင်မဲလိုမျိုးပဲ အောက်ချင်းမြီးရှည်တွေ၊ ပြီးတော့ တခြား ရှားပါးစာရင်းကိုရောက်နေတဲ့ စိုးရိမ်ရတဲ့ ဇီဝမျိုးစုံမျိုးကွဲ မျိုးစိတ်တွေ အများကြီး ရှိပါသေးတယ်။ အခုမှထပ်တွေ့ထားတဲ့ မြန်မာနိုင်ငံ အတွက်ဆိုရင် မှတ်တမ်းအသစ် လို့ဆိုရမယ့် တောင်ကြာပန်း မျိုးစိတ်တွေ ပြီးရင် ရုက္ခစိုး တက်တူ တို့လို တက်တူမျိုးစိတ်တွေပေါ့နော် ။ ကျွန်တော်တို့ ၂၀၂၅ ခုနှစ်၊ ၈ လပိုင်းအထိ အဲဒီဒေသတွေမှာ ကိုယ်တိုင်ရှိခဲ့ပြီး ဒေသအခြေအနေတွေကို လေ့လာခဲ့ပါတယ်။ အဲဒီမှာ သဘာဝပတ်ဝန်းကျင် နဲ့ ပတ်သက်ပြီးတော့ Camera Trap (အာရုံခံကင်မရာ ထောက်ချောက် ) တွေ တပ်ဆင်ပြီး လေ့လာတာ၊ ဒေသခံတွေနဲ့စကားပြောတာ နားထောင်တာ၊ တောရိုင်းတိရစ္ဆာန်အကြောင်းတွေ အသိပညာပေးမျှဝေတာတွေ လုပ်ခဲ့ပါတယ်။
DW ။ သစ်တောကြိုးဝိုင်းတွေထဲမှာ သုတေသနလုပ်ငန်းတွေကို ဘယ်အချိန်ကစပြီး ဘယ်လိုလုပ်ခဲ့တာလဲခင်ဗျ။
ဖြေ ။ ကျွန်တော် ၂၀၁၇ ခုနှစ်ကတည်းက စပြီး လုပ်ခဲ့တာပါ။ ကျွန်တော်တို့ ဒီ တနင်္သာရီတိုင်းထဲက မြိတ်ခရိုင်၊ တနင်္သာရီ နဲ့ ကော့သောင်းခရိုင် သုံးခုစလုံးမှာ ရှိတဲ့ သစ်တောကြိုးဝိုင်းတွေ၊ အထူးသဖြင့် လေညာကြိုးဝိုင်း၊ ငဝန်ကြိုးဝိုင်း ပြီးတော့ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်တွေကို မှာနေထိုင်ရင်း လေ့လာမှတ်တမ်းတင်ပြီး ထိန်းသိမ်းရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ် ။ အဲဒီနေရာတွေမှာ ကျွန်တော်တို့ တောရိုင်းတိရစ္ဆာန်နဲ့ပတ်သက်ပြီးတော့ လေ့လာစောင့်ကြည့်တာတွေလုပ်တယ် ။ ငှက်တွေဆိုရင်လည်း တစ်နှစ် နှစ်နှစ် လေ့လာစောင့်ကြည့်တယ် ။ သူတို့ရဲ့ အမှုအကျင့်တွေ ရွှေ့ပြောင်းသွားလာမှုတွေကို ရာသီအလိုက်လေ့လာစောင့်ကြည့်တယ် ။ ကင်မရာ ထောင်ချောက်တွေ သစ်ပင်တွေမှာသွားတပ်ပြီးတော့ နှစ်အလိုက်လေ့လာ စောင့်ကြည့်တယ် ။ မျိုးစိတ် မျိုးကွဲတွေဘယ်လောက်ကျန်သေးလဲဆိုတာကို လေ့လာတယ် ။ ပြီးရင် သက်ဆိုင်ရာပညာရှင်အဖွဲ့စည်း လူပုဂ္ဂိုလ်တွေနဲ့ အချက်အလက် ဝေမျှတာ ဆွေးနွေးတိုင်ပင်တာတွေလုပ်ရပါတယ် ။
DW ။ လေ့လာတွေ့ရှိချက်တွေအရ ၂၀၁၇ ကနေ အခု ၂၀၂၆ အတွင်းမှာ အဲဒီကြိုးဝိုင်းတွေထဲမှာ ဘာတွေ ပြောင်းလဲလာတာ တွေ့ရလဲ။
ဖြေ ။ ကျွန်တော်တို့ သစ်တောကြိုးဝိုင်းတွေနဲ့ ပတ်သက်ပြီး ပြောရရင် အပင်မျိုးစိတ်နဲ့ တိရစ္ဆာန်မျိုးစိတ်ဆိုပြီး နှစ်မျိုးခွဲပြောရမှာပေါ့။ တနင်္သာရီတိုင်းမှာ နို့တိုက်သတ္တဝါ မျိုးစိတ်တွေက အများကြီးရှိတဲ့အထဲမှာမှ ကျွန်တော်တို့ ကင်မရာတွေကနေ ရရှိတဲ့ အချက်အလက်တွေအရ ဆိုရင်တော့ တနင်္သာရီတိုင်းမှာ နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ၆၀ ကျော်၊ ၇၀ ဝန်းကျင်လောက်အထိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။
ကျတော်တို့ တနင်္သာရီက သစ်တောသစ်ပင်တွေဆိုရင်လည်း ထူထပ်တဲ့အထဲမှာပါပါတယ် Global Forest Watch (နိုင်ငံတကာသစ်တောစောင့်ကြည့်ရေးအဖွဲ့ ရဲ့ အချက်အလက်တွေအရ ဆိုရင်လည်း ကျွန်တော်တို့ ခုနကပြောတဲ့ ကြိုးဝိုင်း (၇) ခုမှာ ၂၀၁၀ ကနေ ၂၀၂၂ အထိမှာတင် သစ်တောဧရိယာ ၆၁၂.၃၅ စတုရန်းကီလိုမီတာလောက် ပြုန်းတီးသွားတာကို တွေ့ရပါတယ်။ (အဲဒီပမာဏက စင်ကာပူနိုင်ငံ ကျွန်းမကြီး (၇၁၀ မှ ၇၃၀ စတုရန်းကီလိုမီတာ နီးပါးအကျယ်အဝန်းဖြစ်ပါတယ်)။ ဒါပေမဲ့ မြေပြင်မှာတော့ ဒီထက်ပိုပြီး များနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်မှာ သတ္တုလုပ်ကွက်တွေ ရှိတယ်၊ ဆီအုန်းကုမ္ပဏီတွေ ရှိတယ်။ ပြီးတော့ (စီးပွားဖြစ်)တိုးချဲ့ ရွှေ့ပြောင်းတောင်ယာတွေ ရှိပါတယ် (ဒေသခံ ဌာနေတိုင်းရင်းသား တနိုင်တပိုင်လုပ်ကွက်များကိုမဆိုလိုပါ မပါဝင်ပါ)။ အဲဒါတွေကြောင့် သစ်တော သစ်ပင်တွေ တော်တော်လေး လျော့နည်းသွားပါတယ် ။ တောင်ငုံးရင်မဲ တို့ ၊ အောက်ချင်းမြီးရှည် တို့ ဒီငှက် တွေ နေထိုင်ကျက်စားတဲ့ ထုံးကျောက်တောင်တွေကို ဘိလပ်မြေထုတ်ဖို့ ကျောက်မိုင်းတွေ လုပ်တာတွေကလည်း ဇီဝမျိုးစုံမျိုးကွဲတွေကို လျော့ကျသွားစေပါတယ်။ ဒါပေမဲ့ ခုနက တောင်ငုံးရင်မဲ ငှက်ဆိုရင်လည်း သူ့ရဲ့စားကျက်က လေညာ ကြိုးဝိုင်းထဲမှာ ရှိတဲ့ (ရတနာပုံ) ဘုရားဌာန် ဂူဘက်လည်းပါတယ်ပေါ့နော် ။ ဘုရားထံဆိုတဲ့နေရာမှာ ဒီကောင်လေးတွေ အများကြီးနေတယ် ။ ငဝန်ဘက်မှာလည်းနေတယ် ။ ဒါပေမဲ့ ၂၀၂၂ နောက်ပိုင်းမှာဆိုရင် အကောင်တွေကို တွေ့ရတာ ပိုနည်းသွားသလို အသံကြားရတာလည်း မရှိတော့ဘူး။ ၂၀၁၇ ကနေ ၂၀၂၅ အထိ ဘာတွေ့ရလဲဆိုတော့ ဇီဝမျိုးစုံမျိုးကွဲတွေ ထပ်ထပ်ပြီးတော့ လျော့ကျလာတယ်လို့ပဲ မြင်တယ် ။အဓိကကတော့ စစ်ရေးပဋိပက္ခတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဒေသခံပြည်သူလူထုရော သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကပါ မထိန်းသိမ်းနိုင်တော့တဲ့အပြင်၊ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် သစ်ထုတ်တာတွေ၊ အမဲလိုက်တာတွေကို ပိုလုပ်လာတာတွေ့ရပါတယ်။ ပြီးတော့ တချို့ သူဌေးကြီးတွေ၊ ကုမ္ပဏီတွေကလည်း သက်ဆိုင်ရာ အဖွဲ့အစည်း အာဏာပိုင်တွေနဲ့ ပေါင်းပြီး သစ်ထုတ်တာတွေ သတ္တုတူးဖော်တာတွေ စီးပွားဖြစ်စိုက်ခင်းကြီးတွေတိုးချဲ့တာတွေ ပိုလုပ်လာတာကြောင့် ဇီဝမျိုးစုံမျိုးကွဲတွေ တအားကို လျော့ကျလာတာ ပျောက်ကွယ်လာတာ ဖြစ်ပါတယ်။
DW ။ ဘယ်မျိုးစိတ်တွေ ရှားပါးသွားတယ်လို့ သတိထားမိလဲခင်ဗျ။
ဖြေ ။ ရှားပါးတယ်လို့ ပြောတဲ့အခါ ကျွန်တော်တို့က IUCN Red List နဲ့ ရော ဒေသရှိ ရှိပြီးသားအခြေနေတွေနဲ့ပါ ချိန်ထိုးပြီးကြည့်ရပါတယ်။
ကျွန်တော်တိုတနင်္သာရီတိုင်းမှာ အပူပိုင်းမိုးသစ်တောဖြစ်သည့်အလျောက် အင် ၊ ကညင် (ဒေသအခေါ် ဆီပင်) မျိုးစိတ်တွေ ရှိတယ်၊ လိပ်သည်း အကျော်(သစ်မွေး) ကရမက် တောင်တန်ကြီး ပျဉ်းကတိုး စတဲ့သစ်မျိုးစိတ်တွေ ပေါက်ရောက်ပါတယ် ။ အဲဒီ သစ်တွေကလည်း အဆမတန် ခုတ်ထွင်ရှင်းလင်းတာ သစ်ထုတ်တာခံရတော့ အခုဆိုအတော်ရှားသွားပြီ။
တိရစ္ဆာန်မျိုးစိတ်တွေမှာဆိုရင် ကျွန်တော်တို့ဆီမှာ သစ်ပင်ပေါ်က မျောက်လွဲကျော် မျောက်ညို ကစလို့ မြေပြင်က ကြံသူတော် ၊ အင်ဒိုချိုင်းနားကျား (Indochinese Tiger) ဆင် ကျားသစ် ဝက်ဝံ ဂျီ ဆတ် ဂျီလှောင် စတဲ့သတ္တဝါတွေအပြင် ရေနေနို့တိုက်သတ္တဝါတွေဖြစ်တဲ့ လင်းပိုင် လင်းရှူး ဝေလငါး ရေဝက် ဧရာဝတီလင်းပိုင် စတဲ့ ကွဲပြားစုံလင်လှတဲ့ မျိုးစိတ်တွေရှိပါတယ်။
ဒါပေမဲ့ အခုခြေအနေအရ ဆိုလို့ရှိရင် ကျွန်တော်တို့ ဒါတွေကို စောင့်ကြည့်လေ့လာတာ သုတေသနပြုတာတွေ (Research) မလုပ်နိုင်တော့ဘူး။ လက်ရှိအခြေနေတွေအရ အဲဒီမျိုးစိတ်တွေ လျော့နည်းနေပြီလို့ ပြောလို့ရတယ်ပေါ့။(တကယ့်မုဆိုးကြီးတွေမုဆိုးမလုပ်ကြတော့ဘူး အမဲရှာရခက်ကုန်လို့)
ပြီးတော့ ခုနကပြောတဲ့ အောက်ချင်းအောက်လောင် ငှက်မျိုးစိတ်တွေ ပေါ့နော်။ အောက်ချင်းငှက်တွေ မိတ်လိုက် အသိုက်ဖွဲ့ သားပေါက်ဖို့ သစ်ပင်လှိုင်ခေါင်း (သစ်ဂလိုင်ပေါက်)တွေလိုတယ် ပေါ့နော်။ ဆိုတော့ အဲဒီ သစ်တောတွေ ခုတ်လှဲခံရတဲ့အတွက် အဲဒီငှက်တွေရဲ့ ဥ ဥဖို့ သားပေါက်ဖို့အတွက်က နေရာမရှိတော့ဘူး အဲဒီလိုမျိုး ဖြစ်တယ်ပေါ့လေ။ နောက်တစ်ခုက လေးခွတို့၊ လေသေနတ် (ဖန်သီးသေနတ်) တို့၊ ဟိုပြီးရင် တကယ်သေနတ်အစစ်တွေနဲ့လည်း ပစ်ခတ်ဖမ်းဆီးစားသောက်ကြတယ်ပေါ့နော်။ဆိုတော့ အများအားဖြင့်တော့ ငှက်မျိုးစိတ်တွေကတော့ အများဆုံး ခြိမ်းခြောက်ခံရတဲ့အထဲမှာ ပါတယ် ပေါ့နော်။
နို့တိုက်သတ္တဝါ အထဲမှာဆိုရင် ကျွန်တော် ဂျီ၊ ဆတ်၊ ပြီးတော့ သင်းခွေချပ်။ သင်းခွေချပ်ဆိုရင်လည်း ကျွန်တော်တို့ဒေသမှာ အလွန်အကျွံ မဲလိုက် (အမဲလိုက်) ဖမ်းဆီးရောင်းချတာ တွေ့ရတယ်ပေါ့လေ ။ နောက်ပြီး ကျွန်တော် ဝက်ဝံတို့၊ ကျားသစ်တို့၊ ဟိုအင်းကျား၊ သစ်သစ်ကျား (သစ်ကျား)၊ ပြီးတော့ ကြောင်သလဲ၊ ကျားမင်း၊ ကျားမင်း (ကြောင်မင်း)၊ အဲဒီလိုမျိုးစိတ်တွေက ကျွန်တော်တို့ ဒီ IUCN Red List မှာ မျိုးတုံးရန် အန္တရာယ်ရှိနေတဲ့ မျိုးစိတ်လို့ သတ်မှတ်ခံထားရတာအပြင် ကိုယ့်ဒေသတွင်းမှာလည်း အမဲလိုက် ခံနေရတယ်လို့ သိရတယ်။ ကျွန်တော်တို့ ကွင်းဆင်းလေ့လာတဲ့ အခါမှာလည်း တွေ့ရတယ်ပေါ့လေ။
နောက်မျိုးစိတ်တစ်ခုအနေနဲ့ ပြောရရင်တော့ ကမ္ဘာဦးဖြစ်တည်မှုမှာ ကျွန်တော်တို့လူသားတွေထက်ပိုဦးခဲ့တဲ့ လိပ်မျိုးစိတ်လို့ ပြောရမှာပေါ့ တောထဲမှာ လိပ်တွေ့လို့ရှိရင် ဟင်းစားထဲ ရောက်တာများကြတယ်ပေါ့နော်။ ဆိုတော့ လိပ်မျိုးစိတ်တွေကလည်း ခြိမ်းခြောက်ခံရရတဲ့ အထဲမှာ ပါတယ်။ လိပ်တွေကလည်း အသွားနှေးပေမဲ့ သဘာဝဂေဟစနစ်မှာ အင်မတန်အရေးကြီးတဲ့မျိုးစိတ်တခုဖြစ်တော့ သူတို့လေးတွေကို သေချာသုတေသနပြုလုပ်ထိန်းသိမ်းဖို့လိုအပ်နေ ပါတယ်။ နောက်တစ်ခုက ခုနကပြောတဲ့ တောင်ကြာပန်းမျိုးစိတ် ပေါ့။ ကျွန်တော်တို့ တိုင်းပြည် အတွင်းဆိုရင် မှတ်တမ်းသစ် လို့တောင် မကြေညာရသေးဘူး ပျောက်သွားနိုင်တယ့် အခြေနေမှာရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ တောင်ကြာပန်းမျိုးစိတ်ကလည်း ရာသီဥတု အပူချိန်ပြောင်းခြင်း သော်လည်းကောင်း၊ ဒါမှမဟုတ် အဲဒီနေရာမှာ မီးရှို့လိုက်ရင် သော်လည်းကောင်း အဲဒီမျိုးစိတ်တွေက ဆက်ပြီးတော့ ရှင်သန်ဖို့အတွက် အခက်အခဲ ကြီးကြီးမားမား ရှိတယ် ပေါ့လေ။
ကျွန်တော်တို့ တနင်္သာရီတိုင်း ကမ်းရိုးတန်းမှာဆိုရင်လည်း ဒီရေတောတွေက အများကြီး တဖြည်းဖြည်းချင်း လျော့နည်းလာတာကို တွေ့ရတယ် ပေါ့။တစ်ခုက စောဒက တက်စရာ ရှိတယ်။ ဒီရေတောတွေ ပြန်စိုက်နေတယ်၊ ဘုတ်ပြင်းဘက်မှာ ဒီရေတောတွေ ပြန်စိုက်နေတယ်၊ အစုအဖွဲ့ ပိုင် သစ်တောတွေ ပြန်လုပ်နေတယ်ပေါ့ သို့သော် ကျွန်တော်တို့ ခုတ်တဲ့ ပမာဏက ထင်း၊ မီးသွေး (ထိုင်းနိုင်ငံဘက်သို့တင်ပို့ရောင်းချကြသည်) သုံးတာကြောင့် ခုတ်တဲ့ ပမာဏက အစိုက်ခံ ပမာဏထက်စာရင် ဒါပေမဲ့ တစ်ခု ထူးခြားတာသည် ကျွန်တော်တို့ သစ်တောဦးစီးဌာနကကြေညာတယ် ပေါ့ဗျာ။ အရင်နှစ်က ၂၀၂၅ ထဲမှာပဲ မြန်မာနိုင်ငံမှာ ဒီ ဒီရေတော ဧက ဘယ်လောက် ပိုများလာတယ် ပေါ့။ အရင်က ရှိတာထက် ပိုများလာတယ်လို့ ကြေညာတယ်။ အဲဒါက တကယ့် တကယ် စာအုပ်ပေါ်ပဲရှိပြီး မြေပြင်မှာတော့ မဟုတ်နေဘူး ပေါ့။ ဘာလို့လဲဆိုတော့ ကုန်းပေါ်မှာလည်းသူတို့ သစ်တောဦးစီးဌာနက လုပ်တဲ့ ပုံစံသည် သူတို့ တကယ့်ကို တောကောင်းတဲ့နေရာတွေ ခုတ်ထွင်ရှင်းလင်းပြီးတော့မှ အဲဒီနေရာကို သစ်တောစိုက်ခင်း ပြန်လည်ထူထောင်ခြင်းမျိုး လုပ်တယ် ဟန်ပြပေါ့ဗျာ။ ကျွန်တော်တို့ ဒီ ကမ်းရိုးတန်းမှာရှိတဲ့ ဒီရေတော ပြန်စိုက်တဲ့ ဧရိယာ လည်းပဲ ပမာဏက ကျွန်တော်တို့ မပြောပလောက်တဲ့ ပမာဏ အထဲမှာပဲ ရှိတယ် ပေါ့လေ။ ဆိုတော့ ကမ်းရိုးတန်းမှာရှိတဲ့ ဒီရေတောတွေရော ကျွန်တော်တို့ ကုန်းပေါ်မှာရှိတဲ့ ဒီ သစ်တောတွေရော လျော့လာတဲ့ အထဲမှာ ရှိတယ်။ ဘယ်မျိုးစိတ် တစ်ခုချင်းစီတွေက ဆိုပြီးတော့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ခက်ခဲပါသေးတယ် ပြောရမှာ အများကြီးပဲ။
နောက်တစ်ခုက ဒေသတွင်းမှာ ပေါက်နေတဲ့ ဒီ ကမ်းဇော် ပေါ့နော်။ ကမ်းဇော်မျိုးစိတ်တွေလည်း ကျွန်တော် ထပ်ပြီးတော့ လျော့နည်းလာတာကို တွေ့ရပါတယ် ပေါ့။ ပြီးတော့ သစ်ခွတို့၊ ပြီးရင် ပိတ် ၊ ဂမုန်း မျိုးစိတ်တွေရယ်၊ ပြီးတော့ တခြားသော ဒီ အလှစိုက် ၊ ဆေးဖက်ဝင် အပင်တွေကလည်းပဲ ကျွန်တော်တို့ ဒီ ထိုင်းနယ်စပ်ဘက် (နယ်စပ်တစ်လျှောက်) ပေါ့နော်။ အဲဒီတွေ တရားမဝင် အပင်နဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ ဒီ ရောင်းဝယ်တဲ့ လမ်းကို ရောက်နေတဲ့ အတွက်ကြောင့်မလို့ ကျွန်တော်တို့က ဒါ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ အနေအထားမှာ ရှိပါတယ်။ ဆင်ကိုလည်းပဲ ကျွန်တော်တို့ တောမှာ ခိုင်းဖို့ သုံးတာအပြင် ကျွန်တော်တို့ ဒီ ဆင်အကောင်လိုက် ပေါ့နော်၊ ဆင်အကောင်လိုက် တရုတ်ကို ရောင်းတဲ့ လမ်းကြောင်းတွေ ပါ ကျွန်တော်တို့ သွားတွေ့ရတာပေါ့။ ဘာလို့လဲဆိုတော့ အရင်ကဆိုရင် ကျွန်တော်တို့ ဆင်တစ်ကောင်လုံးကို သတ်ပြီးမှ အရေခွံခွာ၊ အစွယ်ဖြတ်၊ ပြီးတော့ လိုအပ်တဲ့ အစိတ်အပိုင်းတွေပဲ ယူသွားတဲ့ဟာတွေ လုပ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ဆင်အကောင်လိုက်ကို ကျွန်တော်တို့က နယ်စပ်ကနေ ဖြတ်ရောင်းပြီးတော့ ဒီ ဟိုဘက်ကို ပို့ရောင်းတဲ့ဟာမျိုးတွေ သိလာရတာပေါ့လေ။ International Illegal Wildlife Trade မှာ အဲဒါကို လေ့လာစောင့်ကြည့်နေတဲ့ တခြားနိုင်ငံ အဖွဲ့တွေလည်း ဒါကို ထောက်ပြပြောဆိုကြတယ် ပေါ့လေ။
DW ။ အဲဒီ ရှားပါးပျောက်ကွယ်မှုတွေက သဘာဝပတ်ဝန်းကျင်အပေါ်ကျတော့ ဘာတွေ ထိခိုက်မှု ရှိနိုင်လဲဗျ။ သက်ရောက်မှုတွေ။
ဖြေ ။ သဘာဝပတ်ဝန်းကျင်မှာ ဘယ်လိုထိခိုက်မှုတွေရှိလဲ ရှိလဲဆိုလို့ရှိရင် ကျွန်တော်တို့ ဒီ မျိုးစိတ်တွေမှာ ဆိုရင် သူက Keystone Species (ဂေဟစနစ်၏ အဓိကမျိုးစိတ်) ဆိုတာ ပေါ့နော်။ Keystone Species ဆိုတာ ရှိတယ်၊ Umbrella Species ဆိုတာ ရှိတယ်ပေါ့။ ဆိုတော့ အဓိက ဒီ Keystone Keystone Species ဆိုတာက အဓိကကျတဲ့ မျိုးစိတ် ပေါ့ဗျာ။ ဒီ အဓိက သော့ချက်ကျတဲ့ မျိုးစိတ် ပေါ့။ အဲဒီ အဓိက သော့ချက်ကျတဲ့ မျိုးစိတ်တွေ ပျောက်သွားလို့ရှိရင် ကျွန်တော်တို့ လူသားတွေရဲ့ စားဝတ်နေရေးနဲ့ စိုက်ပျိုးရေးတွေ ပေါ်မှာလည်း ကျွန်တော်တို့ ထိခိုက်မှု အများကြီး ရှိပါတယ်။ နောက်တစ်ခုက လူတွေရဲ့ မွေးမြူရေးတွေ ပေါ်မှာလည်း ထိခိုက်မှု အများကြီး ရှိပါတယ် ပေါ့နော်။ ဆိုတော့ အဲဒီ ၂၀၂၂ ခုနှစ်က ကျွန်တော်တို့ ဘာကြုံခဲ့ရလဲ ဆိုရင် ကျွန်တော်တို့ တောထဲမှာရှိတဲ့ တောဝက်တွေ အစုလိုက်အပြုံလိုက် သေတယ်။ မြန်မာနဲ့ ထိုင်း နယ်စပ် ပေါ်မှာ (Boundary နယ်စပ်မှာ) ရှိတဲ့ တောဝက်တွေ အစုလိုက်အပြုံလိုက် သေတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ ဘာဖြစ်လာလဲ ဆိုရင် ကျွန်တော်တို့ ဒီ တောဝက်တွေ ဘာလို့သေလဲ ဆိုတာကို ဒီ ကျွန်တော်တို့မှာ ဒါ အဓိက လေ့လာစောင့်ကြည့်မယ့်သူ မရှိဘူး။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ အာဏာပိုင် အဖွဲ့အစည်းတွေကလည်း ပြည်သူတွေအတွက် အဓိကထားပြီးတော့ လေ့လာစောင့်ကြည့်နေခြင်း မရှိဘူး။ အဲဒီ တောဝက်သားကို ယူလာပြီး မြို့ပေါ် ရောင်းတယ်။ အဲတော့ကျတော့ အဲဒီမှာ မောတောင်လမ်းကနေပြီးတော့ ဘုတ်ပြင်းအထိ ဘာဖြစ်လဲ ဆိုတော့ သူတို့ရဲ့ အိမ်မွေးဝက်တွေမှာပါ ဘာပြန့်သွားလဲ ဆိုရင် အာဖရိက ဝက်နားရွက်ပြာ ရောဂါ ပြန့် (ကူးစက်) သွားတယ်။ မထိန်းနိုင်တော့ဘူး။ အဲဒီမှာ ဝက်တွေ အများကြီး သေကြတော့ ဒေသခံလူထုပဲ ဆုံးရှုံးမှု ဒဏ်ခံရတယ်ပေါ့နော်။
လူနဲ့ တောရိုင်းတိရစ္ဆာန် ပဋိပက္ခ (Conflict) တွေလည်း ပိုပြီးတော့ သိသာလာတာတွေလည်း ဖြစ်တယ် ပေါ့လေ။နောက်တစ်ခုက ကျွန်တော်တို့ ဒီ တောထဲမှာရှိတဲ့ ဆတ်၊ ဂျီ၊ စားတဲ့သတ္တဝါတွေ အများကြီး ဖမ်းဆီး (သတ်တော့) လည်းပဲ ဖမ်းဆီးသတ်ဖြတ် ရောင်းချရင်လည်းပဲ ကျွန်တော်တို့ ဒီ ခုနက ကျားတို့၊ တောခွေးတို့ အဲလို အသားစားတဲ့ မျိုးစိတ်တွေက ကျွန်တော်တို့ တောထဲမှာ (တောထဲကနေ) စိုက်ခင်းတို့ သွားတဲ့ လူတွေနဲ့ပဋိပက္ခ (Conflict) ဖြစ်တာတွေ၊ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေ ဝင်ဆွဲတာမျိုးတွေလည်း ဖြစ်နိုင်တယ် ပေါ့လေ။ ဖြစ်လည်း ဖြစ်နေတယ် ပေါ့။ တောထဲမှာနေတဲ့ ဆင်တွေကို အမဲလိုက်တာတို့၊ ဒီ ဆင်ရဲ့ စားကျက် တွေကို ကုမ္ပဏီတွေကနေ ဖြတ်လိုက်တာ စီမံကိန်းတွေ ဝယ်ပြီးတော့ ဆီအုန်းစိုက်ခင်းဘာညာ လုပ်တာတို့ ဆိုရင် သူတို့ရဲ့ စားကျက် ပျောက်သွားရင် သူတို့က ဘယ်မှာ သွားနေမလဲ ကျွန်တော်တို့ ဘုတ်ပြင်းမှာဆိုရင် ခဏခဏ ကြားရလိမ့်မယ်။ ဆင်ကလူနင်းသတ်တာတို့၊ ညဘက်ဆိုရင် ဆီအုန်းစိုက်ခင်းတို့၊ အုန်းမွေး (အုန်းခြံ) စိုက်ခင်း၊ ကွမ်းစိုက်ခင်းတွေ ဝင်ဖျက်တာတို့ဖြစ်တယ် ပေါ့ဗျာ။ အဲဒီလိုမျိုး အကျိုးသက်ရောက်မှုတွေ ကျွန်တော်တို့ဆီမှာ အများကြီး ခံရတယ် လူတွေရဲ့ စားဝတ်နေရေးအပေါ်မှာလည်း အများကြီး အကျိုးသက်ရောက်မှု ရှိတယ်။ စိုက်ပျိုးရေး ကိုသွားရှိတယ်ဆိုရင် ကျွန်တော်တို့ စားဝတ်နေရေး သွားထိပြီပေါ့နော်။
ပင်လယ်ထဲမှာလည်း အတူတူပါပဲ။ ပင်လယ်ထဲက မျိုးစိတ်တွေ ရှားပါးတဲ့ မျိုးစိတ်တွေရော ဒီ မရှားပါးတဲ့ မျိုးစိတ်တွေရော ကျွန်တော်တို့ အလွန်အကျွံ ဖမ်းဆီးတာတွေ လုပ်မယ်၊ ဝါလတ် dropတိုက်လှေတွေနဲ့ ဆွဲမယ်ဆိုရင် ကျွန်တော်တို့ ပင်လယ်ထဲမှာလည်း ကျွန်တော်တို့ ဒေသခံတွေအတွက် စားဝတ်နေရေးဟာ ကြပ်တည်း ထိခိုက်နိုင်တယ်၊ ဖြစ်လည်း ဖြစ်နေတယ် ပိုပြီးလည်းဖြစ်လာနိုင်တာပေါ့။
DW ။ အခု ဇီဝမျိုးစုံမျိုးကွဲတွေလည်း ရှားပါးလာတယ်လို့ ကျွန်တော်တို့ တော်တော် ကြားလိုက်ရတယ်ပေါ့နော် ။ အဲဒါတွေက ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်မှာရော ဘာတွေ သက်ရောက်မှုတွေ ဖြစ်လာနိုင်လဲဗျ။
ဖြေ ။ ကျွန်တော်တို့က ဒီ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုနဲ့ ဆက်စပ်မှုလို့ ပြောလို့ရှိရင်တော့ အဓိက ရာသီဥတု အရမ်းပူတာကို ကျွန်တော်တို့က ခုခံနိုင်စွမ်း မရှိတော့ဘူးပေါ့။ ဒေသထဲမှာ အပင်နဲ့ တောရိုင်းတိရစ္ဆာန်တွေ ညီညွတ်မျှတစွာ ရှိနေလို့ရှိရင်တော့ ကျွန်တော်တို့ ရာသီဥတု ရောဂါပိုးမွှားဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားတာပေါ့လေ။
ဆိုတော့ ကျွန်တော်တို့ဆီမှာ အားလုံးသိတဲ့အတိုင်း ရာသီဥတု ပိုပြီးတော့ ပူလာတယ်။ ပူပြီး သစ်ပင်မရှိဘူးဆိုရင် အဓိက ရေချိုရှားတာပဲ။ နောက်တစ်ခုက ကျွန်တော်တို့ သစ်ပင်မရှိလို့ ရေချိုရှားလာတဲ့ အချိန်မှာဆိုရင် ဘာဖြစ်လာမလဲဆိုရင် ကျွန်တော်တို့ ရေငန်ဘက်က ရေ ဒီ ပင်လယ်ကမ်းစပ် ကမ်းနားဒေသတွေမှာဆိုရင် ရေငန်တိုးတာတွေ ဖြစ်တယ်၊ မြို့ပေါ်နဲ့ ရပ်ကွက်တွေက ရေချို ရေတွင်းတွေ သောက်လို့ သုံးလို့ သောက်သုံးလို့ မရတော့တာတွေ ဖြစ်လာတာပေါ့လေ။ တောနယ်တွေဘက်မှာလည်း အတူတူပဲ ကျွန်တော်တို့ ရေရှားပါးတာတွေ ဖြစ်မယ်၊ ပြီးရင် ရေတွင်းတွေ ခန်းခြောက်မယ်၊ ပြီးရင် ဒီ တချို့နေရာတွေဆိုရင် ဆားပေါက်တဲ့မြေတွေ၊ ကျပ်တီးကုန်းမြေတွေ ဖြစ်လာတာပေါ့လေ။
ဆိုတော့ အပင်တွေ ဇီဝမျိုးစုံမျိုးကွဲတွေ ရှားပါးလာလို့ ဘာဖြစ်လာမလဲဆိုရင် အဓိကကတော့ နံပါတ်တစ်ကတော့ ရာသီဥတု ပူလာမယ်၊ ရေ ရေချိုတွေ ရှားလာမယ်ပေါ့နော်။ ပြီးရင် ဆားပေါက်တဲ့မြေတွေ ဖြစ်လာမယ်၊ စိုက်ပျိုးရေးတွေ ပျက်စီးလာမယ်၊ နောက်ဆုံးတော့ ကျွန်တော်တို့ လူတွေရဲ့ နေ့စဉ်ဘဝကို ပြန် ပြန်ထိလာမှာကတော့ မလွဲဧကန်ပါပဲပေါ့လေ။
DW ။ ဒီလို အထိန်းအကွပ်မဲ့ပြီးတော့ ဆက်သွားနေမယ်ဆိုလို့ရှိရင်တော့ နောက် ၅ နှစ် ၁၀ နှစ်လောက် ဆယ်စုနှစ်တစ်ခုလောက် ကြာလို့ရှိရင်တော့ ဘာတွေ ဖြစ်လာနိုင်လဲပေါ့နော်။
ဖြေ ။ ကျွန်တော်တို့မှာ အဲဒါကို ပြောဖို့အတွက်ဆိုရင် ရှုထောင့်နှစ်ခု ကနေ ပြောလို့ရမယ် တစ်ခုကတော့ ကျွန်တော်တို့ ဒီ စောင့်ကြည့်လေ့လာတဲ့ သုတေသန အချက်အလက်တွေပေါ်မှာ အခြေ မူတည်ပြီးတော့ ပြောလို့ရတဲ့ သုတေသနပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီ Citizen Science ပေါ့၊ ဒီ နိုင်ငံသား သိပ္ပံအမြင်ကနေလည်း ကျွန်တော်တို့ ပြောလို့ရတဲ့ဟာ ရှိတာပေါ့လေ။
ဆိုတော့ အခု ကျွန်တော်တို့ လက်ရှိမှာရှိတဲ့ ဒီ အပင်မျိုးစိတ်တွေရဲ့ စာရင်းတွေ၊ သတ္တဝါ မျိုးစိတ်တွေရဲ့ စာရင်းတွေ၊ နေထိုင်ရာ ဒေသ မျိုးစိတ်တွေရဲ့ စာရင်းတွေ ဒါတွေ ရှိတယ်၊ ပြီးရင် ကျူးကျော်မျိုးစိတ်တွေ ဆိုတဲ့ဟာ မျိုးစိတ်လည်း ရှိတယ်။ ဆိုတော့ အခု လောလောဆယ် ဒီ တနင်္သာရီတိုင်းမှာပေါ့နော် ကျွန်တော် ဒီ လွန်ခဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက် ကိုယ် လေ့လာမိသလောက် အဲဒီနယ်ပယ်မှာ ဟို အဲဒီနယ်ပယ် လေ့လာလိုက်စားခဲ့သမျှက ကျွန်တော်တို့ နယ်ပယ်မှာလေ ကျွန်တော်တို့ ဒီ အစိုးရဘက်က သော်လည်းကောင်း၊ ဒီ အဲ ပတ်ဘလစ် (public) အဖွဲ့အစည်းတွေ၊ ပရိုက်ဗိတ် (private) အဖွဲ့အစည်းတွေ ဘက်ကသော်လည်းကောင်း ဒါတွေကို လေ့လာစောင့်ကြည့်ပြီးတော့ မှတ်တမ်းယူတဲ့ဟာတွေ ထိန်းကွပ်တဲ့ဟာတွေ သိပ်မရှိတာ တွေ့ရတာပေါ့။ အဲဒီအပြင် ကျွန်တော်တို့ နိုင်ငံတကာမှာဆိုရင် ဒီ အချက်အလက်တွေကို ကျောင်းတွေက လုပ်ကြတယ်၊ တက္ကသိုလ်တွေ ကျောင်းတွေက လုပ်ကြတယ်၊ လေ့လာကြတယ်၊ စောင့်ကြည့်ကြတယ်၊ ရတဲ့ စာတမ်းကို ကျွန်တော်တို့ အစိုးရဆီ သော်လည်းကောင်း၊ ဒီ ဆိုရှယ်မီဒီယာ သော်လည်းကောင်း ဒီ စာတမ်းအားဖြင့် သော်လည်းကောင်း ပြန်လည်ချပြတာတွေ လုပ်ကြတာပေါ့။ ပြည်သူကနေပြီးတော့ သိရှိသွားပြီးတော့ လိုက်နာဆောင်ရွက်တဲ့ဟာတွေ ပြန်ပြီးတော့ အရေးယူဆောင်ရွက်တာတွေ လုပ်လို့ရတာပေါ့။ ကျွန်တော်တို့ဆီမှာ ဒီလိုလုပ်တဲ့သူ စောင့်ကြည့်တဲ့အဖွဲ့အစည်း အင်မတန် နည်းပါးတဲ့ အခြေအနေ ရှိတာပေါ့။
ဆိုတော့ လာမယ့် ၁၀ နှစ်ကြာရင် ဘာတွေ ဖြစ်လာမလဲဆိုတာ သေချာတယ် ကျွန်တော်တို့ ပင်လယ်ထဲမှာဆိုရင် ငါး ပုစွန်တွေ ရှားလာမယ်။ အခုတောင်မှ ကျွန်တော်တို့က ဘယ်လိုပြောမလဲ ဒီ ရှားပါးတဲ့ဒဏ်ကို စခံနေရပြီ။ ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် ကျွန်တော်တို့က ဒီ ငါးတွေ ပုစွန်တွေဆိုရင် ကျွန်တော်တို့ ပေါပေါသီသီနဲ့ ကျွန်တော်တို့ မြိတ်၊ ထားဝယ် ဒေသ တစ်ဝိုက်ဆိုတဲ့ နေရာမှာ ပေါပေါသီသီနဲ့ ဒေသခံ ဝမ်းစာတွေ ဖူဖူလုံလုံနဲ့ စားနိုင်သောက်နိုင်တယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ နိုင်ငံရဲ့ GDP အတွက်ပြည်ပပို့ကုန်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒေသခံတွေရဲ့ နေ့စဉ် ဝမ်းစာဖူလုံမှုတွေ ပေးဆပ်လိုက်ရတာတွေ၊ ဒီ ကိုယ့်နိုင်ငံသူ ကိုယ့်နိုင်ငံသားတွေ စျေးအသင့်အတင့်နဲ့ ဒီ ကောင်းပေ့ညွှန့်ပေ့ ဆိုတဲ့ သဘာဝ ပင်လယ်စာတွေ မစားနိုင်တော့ဘူး ပြည်သူတွေရဲ့ အာဟာရ ရရှိမှု လျော့နည်းသွားတာပေါ့နော်။
ဆိုတော့ ပြည်သူတွေရဲ့ အာဟာရ ရရှိမှု လျော့နည်းဆိုကတည်းက ဘာဖြစ်သွားလဲဆိုရင် ကျွန်တော်တို့ ဒီ ကျန်းမာရေးကို သွားထိတာပေါ့လေ။ အဲလို ယူဆလို့ ရတာပေါ့။
ပြီးရင် ကျွန်တော်တို့ ဒီ သယံဇာတ တူးဖော်မှုကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေက မြစ် ချောင်းပင်လယ်တို့ ပျံ့နှံ့သွားပြီးတော့ ကျွန်တော်တို့ ဒီ တနင်္သာရီမှာဆိုရင်လည်း တနင်္သာရီမြစ်ကြောင်းမှာရှိတဲ့ ဒီ ဒေသခံ ပြည်သူလူထုတွေရဲ့ ဒီ ရေကို အသုံးပြုမှု၊ ရေထဲမှာရှိတဲ့ ငါးတွေ စားသုံးမှုက သိပ် အလုပ်လုပ် စိတ်ချရတဲ့ အဆင့်မှာ မရှိနေတော့ဘူးပေါ့လေ။
ဒေသခံပြည်သူကတော့ စားစရာမရှိဘူး ဒါကို စားမှာပဲ။ ဒါပေမဲ့ လာမယ့် ၅ နှစ် ၁၀ နှစ်မှာ ဘာဖြစ်လာမလဲ။ သေချာတယ် ကျွန်တော်တို့ ပြည်သူလူထုရဲ့ ကျန်းမာရေး ဦးနှောက်ဉာဏ် အားနည်း ချို့တဲ့လာမယ်၊ နေ့မစေ့ လမစေ့တဲ့ ကလေးတွေ မွေးလာမယ်၊ ကိုယ်လက်အင်္ဂါ ချို့တဲ့တဲ့ ကလေးတွေ မွေးလာဖို့ များတယ်ပေါ့လေ။ ဒီ မြစ် ကမ်း တစ်လျှောက်မှာ နေတဲ့သူတွေ အဲဒီရေနဲ့ အဲဒီရေထဲမှာရှိတဲ့ ငါး ပုစွန် စားမိတဲ့သူတွေကတော့ အဆိပ်အတောက်တွေ ကြောင့် ကျွန်တော်တို့ ဒီ အ များအားဖြင့် နေ့စေ့လစေ့ မဟုတ် နေ့မစေ့လမစေ့ မွေးတာတွေ ကိုယ်လက်အင်္ဂါ ချို့တဲ့တာတွေ မြင်ကို ကြုံလာရနိုင်တယ်။ ဉာဏ်ရည်မမီတဲ့ ဒေါင်ဆင်းဒရုန်းလေးတွေ အများကြီး မွေးဖွားမှုနှုန်း တိုးလာ နိုင်တယ်လို့ ကျွန်တော်တို့ ယူဆလို့ရတယ်။
ဒီ တောရိုင်းတိရစ္ဆာန်တွေ အနေနဲ့ဆိုရင်လည်း ဘာပြောမလဲဆိုတော့ အကယ်၍ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ တနင်္သာရီတိုင်းသည် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ခံတပ်လို့ ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန် အကောင်အရေအတွက် ၁၀၀ မှာ ၈၀ ရှိတယ်လို့ရှိရင် ဒီအပူပိုင်း မိုးသစ်တော ဖြစ်တဲ့အတွက်ကြောင့် ၅၀ ရာခိုင်နှုန်းထိ ကျွန်တော်တို့တနင်္သာရီတိုင်းမှာ ရှိတယ်ဗျ။ အခုနောက်ပိုင်းဆိုရင် မြန်မာနိုင်ငံမှာ သစ်တောကျန်တာဆိုတော့ ကချင်နဲ့ တနင်္သာရီပဲ ကျန်တော့တာပေါ့လေ။ ဆိုတော့ တနင်္သာရီတိုင်းရဲ့ ပုံစံကလည်း ကျွန်တော် ကမ်းမြှောင်ပုံစံ၊ ဒီ အပူပိုင်းမိုးသစ်တော ဟို အဆင့် အရမ်းရှိတဲ့ အပူပိုင်းမိုးသစ်တော ပေါ့လေ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာကျတော့ အရင်ကလည်း ဒီဟာတွေ ထိန်းကွပ်မှုမရှိဘဲနဲ့ လုပ်ဆောင် နိုင်ငံရေးကောင်းတုန်းကလည်း ထိန်းကွပ်မှုမရှိဘဲနဲ့ လုပ်ခဲ့ကြတယ်ဗျာ။ အခု နိုင်ငံရေး ဆိုးရွားလာတော့လည်း ခဏလေးပဲ ။ ၂၀၂၁ နဲ့ ၂၀၂၂ မှာတော့ အပင်နဲ့ တောရိုင်းတိရစ္ဆာန် မျိုးသုဉ်းတာ မျိုးသုဉ်းတာ အဲ တောရိုင်းတိရစ္ဆာန်တွေ ဖမ်းဆီးတာတွေ ဒီ သစ်ထုတ်တာတွေ ၂၀၂၂ မှာတော့ ခဏလေး ရပ်တန့်သွားတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာဆိုရင် ကျွန်တော် ဆက်တိုက် ကို ပိုပြီးတော့ တိုး တိုးပြီးတော့ ထုတ်လာတာတွေ လုပ်လာတာကို တွေ့ရတာပေါ့။
ကျွန်တော်တို့ ဘိုးဘေးလက်ထက် အစဉ်အဆက် ဟို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်က တောတွေ ကျွန်တော်တို့ လက်ထက်မှာမှ ခနလေးနဲ့ ကွယ်ပျောက်သွားမယ့် အခြေအနေ ကြုံနေရပြီပေါ့လေ။ ကျွန်တော်တို့ ပြည်သူလူထုဆီမှာလည်း လူတွေရဲ့ ကိုယ်စီကိုယ်စီ အပူမီးကိစ္စတွေ များပြားလွန်းတော့ ဒီလို တကယ် အရေးကြီးတဲ့ ကိစ္စတွေဖြစ်တဲ့ လေကောင်းလေသန့် ရဖို့၊ ရေချို ရေသန့် သောက်ရဖို့၊ အာဟာရ ပြည့်ဝတဲ့ အစားအသောက် အဆိပ်အတောက်တွေ ကင်းစင်တဲ့ အစားအသောက်တွေကို စားသုံးရဖို့ ဆိုတာမျိုးကလည်း ကျွန်တော်တို့ မပူနိုင်တော့ဘူးဗျာ၊ ဒီဟာကို အဓိက မဟုတ်ဘူး ဆိုတာမျိုး ကျွန်တော်တို့က ဖြစ်လာတယ်ပေါ့။
ဆိုတော့ လာမယ့် ၅ နှစ် ၁၀ နှစ်မှာလေ ကျွန်တော်တို့ ဒါကတော့ ဗေဒင်ဟောသလိုမျိုး ဟောတာမျိုး မဟုတ်ဘဲနဲ့ လက်တွေ့ ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း ဖြစ်လာနိုင်တယ် ဆိုတဲ့ဟာမျိုး ပြောလို့ရတဲ့ အခြေအနေထိ ရောက်နေပြီပေါ့လေ။ သေချာတယ် လာမယ့် ၅ နှစ်နဲ့ ၁၀ နှစ်မှာ ကျွန်တော်တို့ ဒီ ဒီ တနင်္သာရီတိုင်းမှာရှိတဲ့ ဟို မြန်မာတစ်နိုင်ငံလုံးတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ တနင်္သာရီတိုင်းမှာရှိတဲ့ အီကိုစစ်စတမ် (Ecosystem) အစုအဝေးရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ အခု အခု ရှိရာကနေပြီးတော့ မျိုးသုဉ်းသွားမယ်။ ဒါမှမဟုတ် ဒီ တိရစ္ဆာန်မျိုးစိတ်တွေမှာဆိုလည်း ခုနတုန်းက စီအာ (CR) အဆင့် ရောက်နေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေ အောက်ချင်းမီးရှည်တို့ ဒါမှမဟုတ် ရင်မည်းတို့ ပြီးရင် တခြားသော ဟို ခုနက တောင်ကြာပန်းမျိုးစိတ်တွေ ပြီးရင် ဒီ ရေကန်စိုးတက်တူ လိုမျိုး တက်တူနဲ့ တက်တူတောက်တဲ့ အိမ်မြှောင် မျိုးစိတ်တွေလည်း မျိုးသုဉ်း ကွယ်ပျောက်ဖို့ လားလာက ဟို ၆၀ ရာခိုင်နှုန်း အပေါ်မှာ ရှိတယ်လို့တော့ ကျွန်တော်ယူဆတယ်ပေါ့လေ ။
DW ။ ဟုတ်ကဲ့ပါ၊ ဟုတ် နောက်ဆုံးအနေနဲ့ ဟို ဖြည့်စွက် ပြောစရာများ ရှိသေးလား။
ဖြေ ။ ဘယ်လိုပြောမလဲ ဒီအကြောင်းကိုလည်း ကျွန်တော်တို့ ပြန်တွေးလိုက်လို့ရှိရင်ပညာရေးမှာပဲ သွားပြီးတော့ အစပျိုးရမလား အဆုံးသတ်ရမလားပေါ့။ အခုလက်ရှိဆိုရင် ကျွန်တော်တို့ဆီမှာ ဒီ အပင်နဲ့ ဇီဝမျိုးစုံမျိုးကွဲကို လေ့လာတဲ့ ဒေတာဆိုင်ရာ အချက်အလက်တွေနဲ့ မလုပ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ လုပ်တဲ့သူတွေ ကျွန်တော်တို့ ရှိတော့လည်း ကျွန်တော် ဒီ ၂၀၁၇ ကနေပြီးတော့ အခုထိဆိုရင် ၉ နှစ်ပေါ့၊ အဲဒီ ၉ နှစ်အတွင်းမှာ လုပ်ခဲ့သလောက်လည်း ကျွန်တော် လေ့လာရမှာ အ ဒီ ဒီ ပညာရပ်တွေကို လေ့လာတဲ့ ပညာရှင်တွေဆိုတာလည်း အရမ်းနည်းတယ်။ လုပ်ကိုင်တဲ့ ကျောင်းသား လူငယ်တွေနဲ့ ဒီ ပညာရပ်နဲ့ သက်မွေးဝမ်းကျောင်း လုပ်တဲ့သူတွေက မရှိသလောက်ပေါ့နော်။ တနင်္သာရီတိုင်းမှာဆို ၁၀ ယောက်အောက်ပဲရှိမယ်ပေါ့ဗျာ။
ဆိုတော့ အဲဒီအခြေအနေမှာဆိုရင် ကျွန်တော်တို့ လာမယ့် ကျွန်တော်တို့ မျိုးဆက်သစ်တွေအနေနဲ့ဆိုရင် ကျောင်းတွေ ကျောင်းတွေအနေနဲ့ပေါ့နော်၊ ကျောင်းတွေအနေနဲ့ဆို လာမယ့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ ဒီ သယံဇာတတွေကို ထိန်းသိမ်းဖို့ ဒီ ဒေသမှာရှိတဲ့ ဂေဟစနစ် မျိုးစိတ်တွေကို ထိန်းသိမ်းဖို့ အပင်မျိုးစိတ်၊ တောရိုင်းတိရစ္ဆာန် မျိုးစိတ် ပြီးရင် ဒေသမျိုးစေ့တွေ အဲဒါတွေ ထိန်းသိမ်းဖို့ ထိန်းသိမ်း နိုင်မယ့် အသိဉာဏ်တွေ ရှိဖို့ လက်ဆင့်ကမ်း စာမျက်နှာတွေအနေနဲ့ လက်ဆင့်ကမ်းပေး နိုင်မယ်ဆိုရင်တော့ ဒါကတော့ လာမယ့် မျိုးဆက်သစ်တွေတော့ ကျွန်တော်တို့ ပြန်ပြီးတော့ ဒီ ခေတ်ပျက်ကြီးကို ကာကွယ်နိုင်မယ့် ဟန့်တားနိုင်မယ့် အားတစ်ခုလို့ မြင်ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ အနာဂတ်က လက်ရှိလူကြီးတွေပေါ်မှာ ကျွန်တော် အားကိုး အားထားဖို့ ဆိုတာထက် လာမယ့်ကာလမှာ ကျွန်တော်တို့ သားသားမီးမီးလေးတွေ ကျောင်းသူကျောင်းသားလေးတွေ အပေါ်မှာ ပိုပြီးတော့ သူတို့တွေ သိဖို့ လိုအပ်တယ်၊ သူတို့တွေ လုပ်နိုင်ဖို့ နားလည်ဖို့ လိုအပ်တယ်လို့တော့ ကျွန်တော် ပိုမြင်တယ်၊ ပြီးရင် လာမယ့် မျိုးဆက်သစ်တွေ ကျွန်တော် ပိုပြီးတော့ အားကိုးပါတယ်ပေါ့ ဟုတ်။
DW ။ ဟုတ်ကဲ့ အခုလို အချိန် အကြာကြီး ပေးလို့လည်း ကျေးဇူးပါဗျာ။







