ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလေးရှားတွင် တစ်လခွဲအတွင်း တီဘီရောဂါကူးစက်ခံရသူ နှစ်ထောင်ကျော်လာသဖြင့် သတိပေးချက်ထုတ်

February 16, 2026

မလေးရှားနိုင်ငံတွင် တစ်လခွဲအတွင်း တီဘီရောဂါ ကူးစက်ခံရသူ ၂၅၀၀ ကျော်အထိ ရှိလာသဖြင့် ပြည်သူများ သတိထား နေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း တီဘီရောဂါပိုး ကူးစက်ခံရသူ ၅၀၃ ဦးအထိ ရှိလာခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၇ရက်အထိ တစ်နိုင်ငံလုံးတွင် ၂၅၇၁ ဦးအထိ ရှိလာကြောင်း ဖော်ပြသည်။

Sabah ပြည်နယ်တွင် တီဘီရောဂါ ကူးစက်ခံရသူ ၆၁၄ ဖြင့် အမြင့်ဆုံးဖြစ်နေပြီး ဆယ်လန်ဂေါပြည်နယ်တွင် ၄၇၆ ဦး၊ ဆာရာဝက်ပြည်နယ်တွင် ၂၅၇ ဦး၊ ဂျိုဟာပြည်နယ်တွင် ၂၃၃ ဦးနှင့် ကွာလမ်လမ်ပူနှင့် ပူတရာဂျာရာတွင် ၂၀၂ ဦးဖြင့် ဆက်တိုက်ကူးစက်ခံနေရကြောင်း ဆိုသည်။

နောက်ထပ် ပီနန်း၊ ကဲဒက်၊ ပဲရက်၊ ကလဲတန်၊ ပဲဟက်၊ တဲရမ်ဂနူ၊ နဲဂဲရီ ဆယ်ဘီလန်၊ မဲလာကာ၊ ပါရစ်နှင့် လာဘူမ်ဒေသများ တွင်လည်း ကူးစက်ခံရသူများကြောင်း ဖော်ပြသည်။

လက်ရှိတွင် ပွဲတော်ရာသီနှင့် အားလပ်ရက်ရှည် ရောက်လာတော့မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းများကို သတိရှိရှိ စနစ်တကျ ကာကွယ်လုပ်ဆောင်ကြရန်နှင့် အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ဆင်ကြရန် သတိပေးထားသည်။

အကယ်၍ နာတာရှည်ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အစာစားချင်စိတ် ပျောက်ခြင်း၊ ကိုယ်အလေးချိန် လျော့လာခြင်းများ ကြုံတွေ့ရပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် သွားရောက်စစ်ဆေးမှု ခံယူကြရန် တိုက်တွန်းထားသည်။

ပြည်သူများအနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရုံသာမက မိသားစု၊ ပတ်ဝန်းကျင်ကိုလည်း ရောဂါကူးစက်ခံရမှုမှ ကာကွယ်နိုင်ရန်အတွက် လုပ်ဆောင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Ref: Malay Mail, The Strait Times