ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဗြိတိန်တွင် ကလေးများ ဘေးမဖြစ်ရန် AI Chatbot များကို နှိမ်နင်းမည်

February 16, 2026

ဓာတ်ပုံ - Reuters

ကလေးငယ်များအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် AI Chatbots များကို အရေးယူနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အသိပေးပြောဆိုလိုက်သည်။

အရွယ်မရောက်သေးသူများ အင်တာနက်အသုံးပြုမှုကို ထိန်းညှိကန့်သတ်နိုင်ရေးကိုလည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အာမခံပြောကြားခဲ့သည်။

AI အသုံးပြု၍ ဖန်တီးထားသည့် ဥပဒေနှင့် မညီသည့် စက်ဆုပ်ဖွယ်ကောင်းသော အကြောင်းအရာများကို ပစ်မှတ်ထား အရေးယူမည် ဖြစ်ကြောင်း ဗြတိန်ဝန်ကြီးချုပ်ရုံးက ဆိုသည်။

အသက် ၁၆ နှစ်အောက် ကလေးငယ်များအား ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်ရေးနှင့် ပတ်သက်၍ လူထုသဘောထား တောင်းခံမှုမှ ထွက်ပေါ်လာသည့် ရလဒ်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်များ ရရှိရေးကိုလည်း တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“နည်းပညာက အင်မတန် လျင်လျင်မြန်မြန် တိုးတက်နေတာကြောင့် ဥပဒေတွေကလည်း ဒါကို အမီလိုက်နိုင်ဖို့ လိုအပ်ပါတယ်” ဟု ဝန်ကြီးချုပ်စတာမာက ဆိုသည်။

“ကျွန်တော်တို့ဟာ ကလေးငယ်တွေရဲ့ လူမှုဘဝအဆင်ပြေချောမွေ့စေရေးကို ကာကွယ်ပေးဖို့နဲ့ အန္တရာယ်များတဲ့ ဆိုရှယ်မီဒီယာလောကထဲမှာ ကလေးမိဘတွေ သတိထားကိုင်တွယ်နိုင်အောင် ကူညီပေးဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

AI Chatbot ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီအားလုံးအနေဖြင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာဥပဒေများကို လိုက်နာစေရန် ဗြိတိန်အစိုးရက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။

ယင်းတွင် ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ ပုံရိပ်များ ဖန်တီးခြင်းကို ပိတ်ပင်သည့် ကန့်သတ်ချက်များလည်း ပါဝင်မည် ဖြစ်သည်။

ကာယကံရှင်သဘောဆန္ဒမပါသည့် အဖော်အချွတ်ပုံရိပ်များကို အီလွန်မတ်ပိုင် Grok chatbot က ဖန်တီးမှုနှင့် ပတ်သက်၍ ဆန့်ကျင်ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် ဗြိတိန်အစိုးရကလည်း ယင်းသို့ အရေးယူဆောင်ရွက်လာခြင်း ဖြစ်သည်။

Source: Al Jazeera