နှစ်ဖက်တိုက်ပွဲဖြစ်နေသည့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ နည်းပညာတက္ကသိုလ်အနီးကို ယနေ့ နံနက် ၁၀ နာရီခွဲကျော်တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆နာရီခန့်မှစ၍ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
“နည်းပညာကျောင်းနားတစ်ဝိုက်ကို လေယာဥ်နဲ့ပါ ချသွားတယ်။ ရဲအိုင် ၊ ပဒိုင်းချောင်း (ကျေးရွာ) ဖက်ကိုလည်း ကြဲခဲ့သေးတယ်။ သေနတ်နဲ့လည်း ပစ်ချသေးတယ်” ဟု တိမ်းရှောင်နေရသည့် ရွာသားတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှု နောက်ဆက်တွဲ အခြေအနေတို့ကိုမူ စုံစမ်းနေဆဲဖြစ်သည်။
စစ်အာဏာရှင်တပ်က Y 12 လေယာဥ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲစဖြစ်ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
နံနက် ၆ နာရီခန့်မှစ၍ မောင်မယ်ရှောင်ရွာဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ စကြားရကြောင်း ဒေသခံများက ပြောဆိုသည်။
၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမ သုံးဦးကို ဗထူးတပ်မတော်က ဖမ်းဆီးပြီးနောက် ထားဝယ်မြို့တွင်းရှိ ကွန်ပျူတက္ကသိုလ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် တက္ကသိုလ်နှစ်ခုကိုပေါင်း၌ ထားဝယ် ပိုလီတက္ကနစ်တက္ကသိုလ် အဖြစ်ပြောင်းလဲလိုက်သည် ။
ယခင် နည်းပညာတက္ကသိုလ် အဆောက်အအုံအဟောင်းတွင်မူ စစ်အာဏာရှင်တပ်သားများ တပ်စွဲနေထိုင်ကြကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှသိရသည်။







