အီလွန်မတ်ပိုင် SpaceX ကုမ္ပဏီ၏ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို ဗီယက်နမ်နိုင်ငံအတွင်း စတင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဖော်ပြသည်။
Starlink ၏ ဗီယက်နမ်အခြေစိုက်လုပ်ငန်းခွဲအနေဖြင့် နိုင်ငံအတွင်း အထိုင်စနစ်နှင့် ရွေ့လျားစနစ်သုံး ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုနှစ်မျိုးစလုံး ပေးအပ်နိုင်ရေးအတွက် ဗီယက်နမ်အစိုးရ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ယင်းလုပ်ငန်းခွဲအား ရေဒီယိုဆက်သွယ်ရေးပစ္စည်းကိရိယာများ အသုံးပြုခွင့်လိုင်စင်ကိုလည်း ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ၏ ပထမဆုံး အစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်ခေါင်းဆောင် တိုလမ်၏ ခရီးစဉ်မတိုင်မီ ယခု ခွင့်ပြုချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယင်းခရီးစဉ်အား ဗီယက်နမ်အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
နိုင်ငံအတွင်း Space X ကုမ္ပဏီ၏ Starlink အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို စမ်းသပ်ကာလအဖြစ် လုပ်ကိုင်ခွင့်ပြုမည်ဟု ဗီယက်နမ်အစိုးရက ယမန်နှစ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ဗီယက်နမ်တွင် Starlink အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းစတင်မည့်အချိန်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ထရမ့်အစိုးရက ဗီယက်နမ်ကုန်ပစ္စည်းများအပေါ် ၂၀ ရာခိုင်နှုန်း သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခဲ့ပြီးနောက် လက်ရှိတွင် အစိုးရနှစ်ရပ်အကြား ကုန်သွယ်ရေး သဘောတူညီချက်ရရှိရန် ညှိနှိုင်းဆွေးနွေးလျက် ရှိသည်။
Source: Reuters







