ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ပျောက်ဆုံးနေပြီး တစ်လကြာအထိ ရှာမတွေ့

February 16, 2026

ပုံစာ - ပျောက်ဆုံးနေသော ကိုရဲထွဋ်ဦး။

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် ပျောက်ဆုံးနေပြီး တစ်လကြာသည်အထိ အဆက်အသွယ်မရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

အသက် ၁၇ နှစ်အရွယ် ကိုရဲထွဋ်ဦးသည် ဇန်နဝါရီလ ၁၆ ရက်က စမွတ်ပရကန် ပါနန်းဒေသတွင် အလုပ်လုပ်ကိုင်နေစဉ် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

ပျောက်ဆုံးပြီး တစ်လအကြာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက်အထိ အဆက်အသွယ် လုံးဝ မရရှိသေးသဖြင့် မိသားစုဝင်က စိုးရိမ်စိတ်ပူနေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“သူက ပျောက်သွားတာ တစ်လကြာပြီလေ။ သူ့ဖုန်းကို ဆက်တော့လည်း အဆက်အသွယ်မရဘူး။ ပုလိပ် (ထိုင်းရဲ) ဖမ်းသွားတာလား။ အခြားနေရာ ထွက်သွားတာလား။ တစ်ခုခုဖြစ်နေတာလားပေါ့။ ကျွန်တော်တို့ လုံးဝ ဆက်သွယ်လို့ မရတော့လို့ အကူအညီတောင်းရတာပါ” ဟု ၎င်းက ပြောဆိုသည်။

ကိုရဲထွဋ်ဦးသည် ဆွေးမျိုးတော်စပ်သူတစ်ဦးနှင့်အတူ နေထိုင်၍ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ပျောက်ဆုံးခဲ့သောနေ့ကတည်းက မိသားစုဝင်၊ ဆွေမျိုး၊ နီးစပ်သူများနှင့် အဆက်အသွယ် လုံးဝ မရတော့ကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

ကိုရဲထွဋ်ဦးသည် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကြာလာဟာကျေးရွာဇာတိဖြစ်ပြီး ဦးမျိုးမင်းဦး၊ ဒေါ်အေးမော်တို့၏ သားဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုရဲထွဋ်ဦးကို တွေ့ရှိပါက ဖုန်းနံပါတ် 0814256371 ကို ဆက်သွယ်ပေးကြပါရန် မိသားစုဝင်များက အကူအညီတောင်းခံထားသည်။